ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ပြည်သူ့စစ်မှုထမ်းဥပဒေအတိုင်း စစ်မှုထမ်းမဆင့်ခေါ်တော့ဘဲ ရွေးကောက်ပွဲအတွက် ကောက်ခံထားသည့် သန်းခေါင်းစာရင်းတွင် နာမည်ပါသူကို စစ်မှုထမ်းဆင့်ခေါ်မည်ဖြစ်ကာ ပြည်ပရောက်မြန်မာများကိုလည်း စစ်မှုထမ်းဆင့်ခေါ်မည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ပြောပြချက်အရ သိရသည်။
နစကသည် ရွေးကောက်ပွဲကျင်းပပါက မဲစာရင်းပေးနိုင်သည့်လူဦးရေစာရင်းကို သိရှိနိုင်ရန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင် စာရင်းကောက်ခံခဲ့သည်။
“ အခုက ပုံစံပြောင်းသွားပြီ။ မနှစ်က သန်းခေါင်စာရင်းကောက်ထားတာရှိတယ်။ အဲဒီထဲကအတိုင်း စစ်မှုထမ်းဖို့ ခေါ်မှာ။ ပြည်ပမှာရောက်နေတဲ့သူတွေလည်းပါတယ်။ နာမည်စာရင်းပါရင် သူတို့ကိုပြန်ခေါ်ရမယ်။ မလာရင် အရေးယူခံရမယ်။” ဟု သာကေတမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ယနေ့ခေတ်သို့ ပြောသည်။
စစ်မှုထမ်းဆင့်ခေါ်ရာတွင် ပြည်ပရောက်လူငယ်များကိုပါ ပြန်လည်ဆင့်ခေါ်သွားမည်ဖြစ်ပြီး ပြန်လာရန်ပျက်ကွက်ပါက ဖမ်းဝရမ်းထုတ်ခြင်း၊ ပတ်စ်ပို့ဖျက်သိမ်းခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – MOI
#ယနေ့ခေတ်
အထူးသတင်း
ပြည်ပရောက်မြန်မာများ စစ်မှုထမ်းဆင့်ခေါ်ရာတွင် ပြန်လာရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်