ပြည်ပမှတင်သွင်းထားသည့် ဘိလပ်မြေတန်ချိန် ၃,၀၀၀ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်ပမှတင်သွင်းထားသည့် ဘိလပ်မြေတန်ချိန် ၃,၀၀၀ ရန်ကုန်ဆိပ်ကမ်းသို့ ယမန်နေ့ကရောက်ရှိလာပြီဖြစ်ကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက သတင်းထုတ်ပြန်သည်။

အဆိုပါဘိလပ်မြေများကို ဈေးကွက်အတွင်းဖြန့်ဖြူးရန် ဆောင်ရွက်လျက်ရှိသည်ဟုဆိုသော်လည်း ဈေးကွက်လိုအပ်ချက်နှင့် ရောက်ရှိနေသည့်ပမာဏမမျှတမည်ကို စိုးရိမ်ချက်များရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ သူက ဈေးကွက်ထဲဘယ်လိုဖြန့်မလဲ မသိသေးဘူး။ ခုထိတော့ ဘာသံမှမကြားသေးဘူး။ တင်သွင်းတဲ့ပမာဏနဲ့ ဈေးကွက်ထဲလောက်ငှဖို့ပဲလိုတယ်။” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခုအခါ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေတန်ချိန် ၃,၀၀၀ ကို တင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့၊ ရွှေပြည်သာ၊ မုတ္တမဆိပ်ကမ်းသို့ ယမန်နေ့က ရောက်ရှိလာပြီဖြစ်သည်။

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှဘိလပ်မြေ များကို တင်သွင်းခွင့်ပြုထားသည်။

ထို့ပြင် ကျန်ဘိလပ်မြေတင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ်ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်း၌ ဘိလပ်မြေများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောစက်မှုကုန်ကြမ်း ကျောက်မီးသွေးများကို ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှတင်သွင်းခွင့်ပြုထားကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၇ ရက်က သတင်းထုတ်ပြန်ထားသည်။

#စုစု

ဓာတ်ပုံ – စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

#ယနေ့ခေတ်

ပြည်ပမှတင်သွင်းထားသည့် ဘိလပ်မြေတန်ချိန် ၃,၀၀၀ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.