ရန်ကုန်၊ မေ ၇
ပြည်တွင်းသို့ ခွင့်ဖြင့်ပြန်လာသည့် အမျိုးသားများသည် သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်ဖြင့် အကျုံးဝင်နေသည့်အတွက် ပြည်ပထွက်ခွင့်မရကြောင်း အလုပ်သမားဝန် ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြည်ပမှခွင့်ဖြင့်ပြန်လာသည့် အမျိုးသားများသည် ပြန်လည်ထွက်ခွာရန် အလုပ်သမားဝန်ကြီးဌာနသို့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရာတွင် အသက် ၁၈ နှစ်မှ ၃၅ အတွင်း အကျုံးဝင်နေသည့်အတွက် လျှောက်ထားခွင့်မပြုကြောင်း ဖော်ပြထားသည်။
“ ဒီလိုတွေပိတ်လိုက်တော့ ဘယ်သူမှပြန်လာတော့မှာမဟုတ်ဘူး။ တရားဝင်အသိပေးထုတ်ပြန်ထားတာလည်းမရှိဘူး။ တချို့နစ်နာတဲ့အလုပ်သမားတွေ အများကြီးရှိတယ်။ ထွက်ဖို့စောင့်ဆိုင်းနေသူတွေလည်းရှိတယ်။ စာတော့တင်ထားတယ်။ ခွင့်ပြုပေးဖို့” ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မေလ ၅ ရက်နေ့တွင် OWIC ကတ်လျှောက်ထားသူများထဲက အထောက်အထားပြည့်စုံစွာဖြင့် ပြန်လည်တင်ပြရမည့် အလုပ်သမား ၁၉၂ ဦးရှိကြောင်း၊ ယင်းတို့အထဲတွင် အသက်ကန့်သတ်ချက်အတွင်း အကျုံးဝင်သူ ၂၉ ဦးအပါအဝင် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊ Work Permit သက်တမ်းကုန်နေခြင်း ၊ COE လိုအပ်ခြင်း၊ EC/DL မပါရှိခြင်း ၊ လေဆိပ်အဝင်/အထွက်တုံးများမပါရှိခြင်း၊ ခွင့်စာလိုအပ်ခြင်း စသည့်စာရွက်စာတမ်း လိုအပ်ချက်ရှိနေကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်ကာ အသက် ၁၈ နှစ်မှ ၃၅နှစ်အကြား အမျိုးသားများကို ပြည်ပထွက် အလုပ်လုပ်ခွင့်မပြုတော့ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်ပအလည်အပတ်နိုင်ငံကူးလက်မှတ် (Passport for Visit-PV) လျှောက်ထားရယူပြီး ပြည်ပအလုပ်အကိုင်ဗီဇာတွေရယူကာ လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာခြင်းကိုလည်း ခွင့်မပြုထားကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – MDN
#ယနေ့ခေတ်
ပြည်ပမှခွင့်နှင့်ပြန်လာပြီး အသက်ကန့်သတ်ချက်ဖြင့် အကျုံးဝင်နေသည့် အမျိုးသားများ ပြည်လည်ထွက်ခွင့်မရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်