ပြည်ပပို့မည့် ဆန် ၃ တန်လျှင်တစ်အိတ်နှုန်း အရန်ဆန်ပေးသွင်းရမည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၆

ယခုနိုဝင်ဘာလမှစပြီး ပြည်ပသို့ ဆန်တင်ပို့ပါကဆန် ၃ တန်လျှင် အရန်ဆန်တစ်အိတ်နှုန်း ပေးသွင်းရန် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေးထား ကြောင်း သိရသည်။

အဆိုပါ ပို့ကုန်အခြေပြု အရန်ဆန်ပေးသွင်းခြင်းကို ယခု(နိုဝင်ဘာလ)တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းပေးသွင်းရမည့် ၃ တန် ၁ အိတ် အရန်ဆန်များ၏ ၄ ပုံ ၁ ပုံဖြစ် သည့် ၂၅ ရာခိုင်နှုန်းကို Physical အဖြစ် သတ်မှတ်သိုလှောင်ရုံသို့ တစ်ပတ်အတွင်း ပေးသွင်းရမည်ဖြစ်သည်။

ထို့ပြင် အရန်ဆန်များ၏ ၄ ပုံ ၃ ပုံ၊ ၇၅ ရာခိုင်နှုန်းကို Earmark အဖြစ် စာရင်းမှတ်စနစ်ဖြင့် ထားရှိရေးအတွက် သတ်မှတ်ပုံစံများနှင့်အညီ လျှောက်ထားတင်ပြရမည်ဖြစ်ကြောင်း လည်း အသိပေးထားသည်။

ထို့အပြင် Physical ပေးသွင်းခြင်းအပေါ် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းမီ အရန်ဆန်တစ်အိတ် ဈေးနှုန်းအဖြစ် (နိုဝင်ဘာလအတွက်) တစ်အိတ်လျှင် ကျပ် ၆၂,၀၀၀ သတ် မှတ်ဆောင်ရွက်ရန် ပြောကြားထားပြီး Pre-License Inspection စစ်ဆေးပြီးသည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားခြင်းအပေါ် အရန်ဆန်ပေးသွင်းခြင်းကို ပူးတွဲ ပါပုံစံဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

“ အဲဒီလိုတော့ကြားတာပဲ။ အရန်ဆန်တစ်အိတ် ပေးသွင်းရမယ်ဆိုပြီး။ ပို့ကုန်နဲ့ပတ်သက်ပြီး ခဏခဏ မူဝါဒတွေသတ်မှတ်ထုတ်ပြန်နေတာ။ အဆင်မပြေဘူး။ လောလောဆယ် ဆန်တင်ပို့မှုက ခဏရပ်ထားတယ်။ မကိုက်လို့။ ပြီးတော့ နယ်စပ်လမ်းကြောင်းကလည်း အခြေနေတွေမကောင်းဘူးလေ။” ဟု ဆန်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ပြည်ပတင်ပို့မည့် ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို ကြိုတင်စိစစ်ပြီး ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှသာ ပို့ကုန်လိုင်စင် ခွင့်ပြုသည့်စနစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်မှ စတင် ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာသုံးလအတွင်း ဆန်တန်ချိန် ခုနှစ်သိန်းနီးပါး တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပြည်ပပို့မည့် ဆန် ၃ တန်လျှင်တစ်အိတ်နှုန်း အရန်ဆန်ပေးသွင်းရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.