ပြည်ပထွက်အလုပ်လုပ်ကိုင်သူများခြင်းကြောင့် ပြည်တွင်း၌ လုပ်သားရှားပါးနေဟု နစကဥက္ကဌ ဆို

ရန်ကုန်၊ မေ ၁

ပြည်ပထွက်အလုပ်လုပ်ကိုင်သူ များပြားလာခြင်းကြောင့် ပြည်တွင်း၌ လုပ်သားရှားပါးမှုများဖြစ်နေကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မေ ၁ ရက်နေ့(ယနေ့)တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကိုပေးပို့သည့် သဝဏ်လွှာတွင် နစကဥက္ကဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းမှလူငယ်များ ပြည်ပသို့ထွက်ခွာ အလုပ်လုပ်ကိုင်ရခြင်းသည် ပြည်တွင်းမှာရရှိသည့် လုပ်ခလစာ၊ ကုန်ဈေးနှုန်းနှင့် နေထိုင်စရိတ်များကြောင့်ဖြစ်ကြောင်း ပြည်တွင်းတွင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများက ပြောကြားသည်။

“ ကျွန်တော်တို့အလုပ်က တစ်နေ့ ၈ နာရီကို လုပ်ခအနေနဲ့ ၁၀,၀၀၀ ကျပ်ရတယ်။ OT ဆင်းချိန်မှာတော့ ရှောင်လို့မရဘူး။ OT မဆင်းတာများရင် အလုပ်ထိခိုက်မယ်။ သင်္ကြန်တွင်းလည်းဆင်းရတယ်။ ဒီနေ့တောင် အလုပ်ဆင်းရတာ။ ဒီလို OT မဆင်းရင် နေစာရိတ်၊ စားစာရိတ်ကို ဘယ်လိုမှကာမိမှာမဟုတ်ဘူးလေ။ နေရတာက အဆောင်ငှားနေရတာ၊ ကိုယ် တိုင်ချက်စားရတယ်။ ထိုင်းဘက်မှာ အလုပ်သွားလုပ်ချင်တာ။ အကုန်ပိတ်ထားလို့ ဒီမှာပဲ ဖြစ်သလိုနေနေရတာ” ဟု ဒဂုံတက္ကသိုလ်မှ တတိယနှစ်ကျောင်းသားဖြစ်ပြီး၊ လှိုင်သာယာစက်မှုဇုံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ပြောသည်။

ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဌက ပြောသည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် Job Fair များကျင်းပကာ One Stop Service ဖြင့် အလုပ်ခန့်နိုင်ရေး အလုပ်ရှင်များနှင့် ပူးပေါင်းစီစဉ်ပေးခြင်း၊ Labor Exchange Management System ရေးဆွဲကာ Website မှတဆင့် လွှင့်တင်ပေးထားကြောင်းလည်း သိရသည်။

ပြည်တွင်းမှအလုပ်သမားများသည် ဝင်ငွေ၊ ထွက်ငွေမျှတမှုမရှိခြင်းကြောင့် ကိုယ်ပိုင်အချိန်အများစုကို အလုပ်ထဲတွင်မြှုပ်နှံထားကြရသည်ဟု ဆိုသည်။

“ကျွန်မတို့အထည်ချုပ်စက်ရုံမှာက အလုပ်ချိန် ၈ နာရီကို လုပ်ခ ၁၀,၀၀၀ ကျပ်ပေးတယ်။ ဒါပေမဲ့ တစ်ရက်ကို ၁၂ နာရီ အလုပ်ဆင်းပေးရတယ်။ အဲဒီအတွက် OT ကြေးသပ်သပ်ရတယ်။ ခက်တာက ပိတ်ရက်မရှိဘူး။ နေ့စဉ် ၁၂ နာ ရီအလုပ်လုပ်ရတော့ မိသားစုအရေး၊ လူမှုရေးမရှိဘူး။ ရွာမပြန်နိုင်တာ ၂ နှစ်ရှိနေပြီ။” ဟု လှိုင်သာယာစက်မှုဇုံရှိ အထည်ချုပ် စက်ရုံတစ်ခုမှ အလုပ်သမားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြည်ပထွက်အလုပ်လုပ်ကိုင်သူ များပြားလာခြင်းကြောင့် သက်ဆိုင်ရာက ပြည်ပထွက်ခွာခွင့်များကို ကန့်သတ်ထားသလို၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများသို့ MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်မှုကိုလည်း လုပ်သားဦးရေကန့်သတ်ထားကြောင်းလည်း သိရသည်။

#စုစု

ဓာတ်ပုံ- ယနေ့ခေတ်

#ယနေ့ခေတ်

ပြည်ပထွက်အလုပ်လုပ်ကိုင်သူများခြင်းကြောင့် ပြည်တွင်း၌ လုပ်သားရှားပါးနေဟု နစကဥက္ကဌ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.