ရန်ကုန်၊ မတ် ၁၀
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူများလာခဲ့ရာမှ ဒေါ်လာဈေးကွက်လှုပ်ခတ်ခြင်းဖြစ်ကြောင်း ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။
ယခုရက်ပိုင်းအတွင်း လှုပ်ခတ်လာသည့် နိုင်ငံရေးအခြေအနေများကြောင့် ဒေါ်လာဈေးကွက်သည်လည်း မတည်မငြိမ်ဖြစ်လာကြောင်း ငွေကြေးဈေးကွက်စောင့်ကြည့်သူများက ဆိုသည်။
“ ပြည်ပထွက်ခွာမယ့်သူတွေကများလာတော့ ဒေါ်လာဝယ်လိုအားကလည်း မြင့်တက်လာတယ်။ ဒါကြောင့် ဈေးကွက်က အကျမရှိပဲ မြင့်တက်နေတာ” ဟု ဒေါ်လာဝယ်ရောင်းလုပ် ကိုင်သူတစ်ဦးက ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ မထုတ်ပြန်ခင်က ဒေါ်လာဈေးသည် တစ်ဒေါ်လာ ကျပ် ၃,၅၀၀ ဝန်းကျင်သာရှိပြီး၊ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ မတ် ၉ ရက်အထိ တစ်ဒေါ်လာ ၃၆၅၀ အထိမြင့်တက်နေခြင်းဖြစ်သည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် မြင့်တက်နေသည့် ငွေလဲလှယ်နှုန်းကို ထိန်းချုပ်ရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးထားသည်။ ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်မှစပြီး နိုင်ငံခြားငွေဈေးကွက်ကို နှုန်းရှင် (Float Rate) အဖြစ် ငွေကြေးမူဝါဒပြောင်းလဲခဲ့ပြီး လိုင်စင်ရဘဏ်များကို ဈေးကွက်ပေါက်ဈေးအတိုင်း ဒေါ်လာရောင်းဝယ်ခွင့် ပြုထားသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကြောင့် ပြည်တွင်းရွှေဈေးသည်လည်း တစ်ကျပ်သား သိန်း ၄၀ ကျော်အထိ စံချိန်တင်မြင့်တက်လာကြောင်း သိရသည်။
စုစု
ဓာတ်ပုံ-CJ
ပြည်ပထွက်ခွာသူများလာခြင်းကြောင့် ဒေါ်လာဈေးကွက်လှုပ်ခတ်ခြင်း ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်