ပြည်ပတွင် အလုပ်လုပ်ကိုင်သူများ အခွန်ကင်းရှင်းကြောင်း မပြနိုင်ပါက ပတ်စ်ပို့စ်သက်တမ်း တိုးပေးတော့မည်မဟုတ်

ရန်ကုန်၊ အောက်တိုဘာ ၁၇

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများ ပတ်စ်ပို့စ်သက်တမ်းတိုးလိုပါက အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ သက်တမ်းတိုးခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရသည်။

ပြည်ပနိုင်ငံများ၌ သွားရောက်အလုပ်လုပ်ကိုင်ရန် အလုပ်အကိုင်နိုင်ငံကူးလက်မှတ် PJ နှင့် သင်္ဘောသားနိုင်ငံကူးလက်မှတ် PS အမျိုးအစား ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက် တမ်းတိုးလျှောက်သည့်အခါ ပြည်တွင်းအခွန်ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြရန် လိုအပ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံး၌ ကြေညာချက် ထုတ်ပြန်ထား ကြောင်း သိရသည်။

“ဝင်ငွေခွန် တင်ပြရမှာပေါ့။ ဒါမှ ပတ်စ်ပို့စ် သက်တမ်းတိုးလို့ရမယ်။ ဒီလကစပြီး ဝင်ငွေခွန်ဆောင်ရမယ်။ ဒီမှာ အဆင်မပြေလို့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တာ။ အခုတော့ ဝင်ငွေ ခွန်ပါ ထပ်ပေးရတော့မယ်။” ဟု ပြည်ပတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

လက်ရှိ ပြည်တွင်း၌ ဝင်ငွေခွန်ကောက်ခံရာ၌ တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၂၀ မှ ၅၀ ရရှိလျှင် အခွန် ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ မှ ၁၀၀ ရရှိလျှင် ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ မှ ၂၀၀ ရရှိလျှင် ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀ မှ ၃၀၀ ရရှိလျှင် ၂၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀ အထက်ရရှိမည်ဆိုပါက ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းအခွန်ဦးစီးဌာနမှ ကောက်ခံလျက်ရှိကြောင်း သိရသည်။

ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ယခုလမှစတင်ကာ ရရှိလာသည့်လစာထဲမှ ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းကို နိုင်ငံခြားငွေဖြင့် ကောက်ခံသွားမည့်အပြင် ၎င်းတို့ရရှိ လာသည့် ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းက သက်မှတ်ထားသည့် ဘဏ်များမှတစ်ဆင့် ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပြည်ပတွင် အလုပ်လုပ်ကိုင်သူများ အခွန်ကင်းရှင်းကြောင်း မပြနိုင်ပါက ပတ်စ်ပို့စ်သက်တမ်း တိုးပေးတော့မည်မဟုတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.