ရန်ကုန်၊ မတ် ၂၆
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ စေလွှတ်သည့် အလုပ်သမားဦးရေကို ကန့်သတ်လျှော့ချမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။
အေဂျင်စီများအနေဖြင့် Demand Letter တစ်စောင်ကို လူဦးရေ ၅၀ ထက်မပိုစေရန်နှင့် တစ်လတစ်ကြိမ်သာ လျှောက်ထားရမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်နေ့က အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်နောက်ပိုင်း နိုင်ငံအလိုက်စေလွှတ်ရမည့် အလုပ်သမားဦးရေကို နိုင်ငံပိုင်သတင်းစာမှတဆင့် ဆက်တိုက်ထုတ်ပြန်လာသည်ကိုတွေ့ရသည်။
“ ယောက်ကျားလေးတွေက ပြည်ပထွက်ဖို့မလွယ်တော့ဘူး။ အမျိုးသမီးတွေရသေးတယ်။ ပညာရေးဗီဇာနဲ့က ရသေးတယ်။ စစ်မှုထမ်းအကျုံးဝင်တဲ့လူတွေကို ကန့်သတ်လိုက်တာ။ စာရင်းပါတာနဲ့ သူက ပြည်ပထွက်လို့မရဘူး။ လေဆိပ်တွေကိုလည်း စာရင်းပို့ထားပြီးသား။” ဟု ရဲအရာရှိတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လိုင်စင်ရ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနေဖြင့် စင်ကာပူနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် အေဂျင်စီတစ်ခုလျှင် အလုပ်သမား ၅ ဦးသာခွင့်ပြုမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားသို့ လုပ်သားစေလွှတ်ရာတွင် အေဂျင်စီတစ်ခုလျှင် လူ ၁၀ ဦးသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မလေးရှားနှင့်တခြားနိုင်ငံများအတွက် လုပ်ငန်းစဉ်ကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#စုစု
ဓာတ်ပုံ – Myanmar Embassy of soul
#ယနေ့ခေတ်
ပြည်ပစေလွှတ်သည့်အလုပ်သမားဦးရေ ကန့်သတ်ချက်များရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်