ရန်ကုန်၊ ဒီဇင်ဘာ ၂၇
နယ်မြေမငြိမ်မသက်မှုနှင့် ဒေသတွင်းပဋိပက္ခများကြောင့် ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
၂၀၂၄ ခုနှစ်၏ ၁၁ လတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် ၉၀၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်အလားတူကာလတွင် ခရီးသွားဦးရေ ၁.၁ သန်းကျော် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနှစ်ခရီးသွားရာသီက သိပ်အားရစရာမရှိဘူး။ ပြည်တွင်းကတော့ သွားနေကြတာပေါ့။ ဒါပေမယ့် ပြည်ပခရီးသွားက နည်းသွားတယ်။ သိတယ့်အတိုင်း ကိုယ့်နိုင်ငံကလည်း မအေးချမ်းကြတော့ မလာကြဘူး။ လာရင်လည်း လည်ပတ်စရာနေရာတွေက နည်းသွားသလို ကန့်သတ်ချက်တွေကလည်း အများကြီးရှိလာတယ်။ သဘာဝဘေးကြောင့် နိုင်ငံခြားသားတွေ လည်ပတ်တဲ့နေရာတွေဆို ပျက်စီးကုန်တာတွေလည်းရှိတယ်။ ပြောရရင်အများကြီးပဲ။ ဒီနှစ်တော့ သိပ်အားမရဘူး။” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံးအနေဖြင့် ပြည်ပခရီးသွားဧည့်သည် ၁ ဒသမ ၂၈ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၂ သိန်း ၃ သောင်းကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာလမတိုင်ခင် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည်ဦးရေမှာ ၄ ဒသမ ၅ သန်းဝန်းကျင်ရှိပြီး နှိုင်းယှဉ်ပါက များစွာကွာဟနေခြင်းဖြစ်သည်။
မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ခရီးသွားရန်မသင့်တော်သေးဘူးဆိုသည့် သတိပေးချက်များကြောင့် ပြည်ပခရီးသွားလာရောက်သည့်နှုန်းသည် သိန်းဂဏန်းဝန်းကျင်သာရှိကြောင်း၊ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှုအဖြစ် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄ သန်းကျော်၊ ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅ သန်းကျော်နှင့် ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၅ သန်းဝန်းကျင် ဝင်ရောက်ခဲ့ကြောင်း စာရင်းများအရ သိရသည်။
#စုစု
ဓာတ်ပုံ – ယနေ့ခေတ်
ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ကျဆင်းနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်