ပြည်တွင်း၌ နေရပ်စွန့်ခွာသူ ၂ ဒသမ ၇ သန်းခန့်ရှိလာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ပြည်တွင်း နေရပ်စွန့်ခွာရသူများ ၂ ဒသမ ၇ သန်းခန့်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းဆိုင်ရာစာနာမှုရုံး UNOCHA မှ သိရ သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာတစ်နိုင်ငံလုံး၌ ပြည်တွင်းနေရပ်စွန့်ခွာရသူ ၂ ဒသမ ၇ သန်းခန့်ရှိလာပြီး၊ ထိုထဲမှ လူဦးရေ ၂ ဒသမ ၄ သန်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲကြောင့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့်ဖြစ်ကြောင်း သိရသည်။

“ အိမ်ပြန်လို့မရဘဲ စစ်ရှောင်စခန်းတွေမှာဘဲ နေရတဲ့ စစ်ရှောင်တွေက တစ်ထောင်လောက်ရှိတယ်။ ကုန်ဈေးနှုန်းတွေ မြင့်လာတဲ့အတွက် စစ်ရှောင်တွေကို ထောက်ပံ့ပေးရတာ အ ရင်ကထက် ပိုခက်ခဲလာတယ်။” ဟု စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

လတ်တလောတွင် ရခိုင်ပြည်နယ်၌ ဆိုးရွားသောအခြေအနေများနှင့် ကြုံတွေ့နေရပြီး တိုက်ပွဲများဖြစ်နေခြင်းကြောင့် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ လိုအပ်နေသော်လည်း ဝင်ရောက်ကူညီခွင့်အတွက် ကန့်သတ်ချက်များရှိနေကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲထားသောကြောင့် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် နေရပ်စွန့ခွာသူအချို့ နေရပ်သို့ပြန်လာနိုင်သော်လည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့ခွာခဲ့ရသူ ၂၃,၀၀၀ နီးပါးသည် မြို့နယ် ၁၅ မြို့နယ်ရှိ နေရာ ၁၄၁ နေရာတွင် ဆက်လက်နေထိုင်ရဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် လက်နက်ကိုင်တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ အပါအဝင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် အရပ်သားများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေသလို အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ပြည်တွင်း၌ နေရပ်စွန့်ခွာသူ ၂ ဒသမ ၇ သန်းခန့်ရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.