ရန်ကုန်၊ ဇန်နဝါရီ ၂၀
ပြည်တွင်းရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၈ သိန်းနီးပါးသို့ ရောက်ရှိလာကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။
ရွှေစျေးနှုန်းမှာ ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ တရိပ်ရိပ်မြင့်တက်လျက်ရှိရာမှ ယမန်နေ့ ညနေပိုင်းက တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းနီးပါးအထိ ရောက်ရှိလာကြောင်း ရန်ကုန်မြို့၌ ရွှေရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
“ ပြီးခဲ့တဲ့ရက်ကတည်းက စျေးတက်နေတာ။ မနေ့က နေ့လယ်အထိက ၃၇ သိန်း ၇ သောင်းနဲ့ တန့်နေသေးတယ်။ ညနေပိုင်းကစပြီး ၃၇ သိန်း ၉ သောင်းအထိ ရောက်သွားတာ။ ဒီ မနက်အဖွင့်စျေးကလည်း ၃၇ သိန်း ၉ သောင်းပဲ” ဟု ၎င်းကပြောသည်။
ပြည်တွင်းရွှေစျေးမှာ ဇန်နဝါရီလ ၁ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေဆိုင်များ၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်း ၁ သောင်းကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရာမှ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ၃၇ သိန်း ၄ သောင်းကျပ်သို့ ရောက်ရှိခဲ့ပြီးနောက်၊ ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင် ၃၇သိန်း ၉ သောင်းသို့ ရောက်ရှိလာခြင်းဟု ရွှေစျေးကွက်အတွင်းမှ သိရသည်။
“ ရက်နှစ်ဆယ်အတွင်း တစ်ကျပ်သားကို ကိုးသောင်းလောက် စျေးတက်လာတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ။ စျေးတက်နေတော့ ပြန်ရောင်းကြတဲ့သူတွေလည်း များတယ်။” ဟု ရန်ကုန်မြို့၊ လသာမြို့နယ်၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
ယနေ့ ကမ္ဘာ့ရွှေစျေးနှုန်းမှာ တစ်အောင်စလျှင် ၂၀၃၀ ဒေါ်လာရှိပြီး၊ အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်းမှာ ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာလျှင် ၃၄၆၀ ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။
ဗဟိုဘဏ်၏ နေ့စဉ်အွန်လိုင်းရောင်းဝယ်ရေးစနစ်မှ ငွေလဲနှုန်းဖြင့် တွက်ချက်ထားသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့ နေ့လည် စျေးနှုန်းမှာ အခေါက်ရွှေတစ် ကျပ်သားလျှင် ၃,၆၅၂,၉၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ပြည်တွင်းရွှေစျေး ၃၈ သိန်းနီးပါး ရောက်ရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်