ရန်ကုန်၊ နိုဝင်ဘာ ၄
ပြည်တွင်းရွှေစျေး ယခုရက်ပိုင်း၌ ပြန်လည်မြင့်တက်လာပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၅ သိန်းသို့ ရောက်ရှိလာကြောင်း ရွှေစျေး ကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၃ သိန်း မှ ၃၄ သိန်းကျပ်ဝန်းကျင်တွင် ရှိနေရာမှ ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစ၍ စျေးနှုန်းတဖြည်း ဖြည်းမြင့်တက်လာကြောင်း သိရသည်။
“ ဒီမနက်စျေးက ၃၅ သိန်းဝန်းကျင်ပဲ။ အောက်တိုဘာတစ်လလုံး ၃၃ သိန်းကျော် နဲ့ ၃၄ သိန်းဝန်းကျင်ကနေ သီတင်းကျွတ်ကာလ နီးတဲ့ရက်ထဲက နည်းနည်းစတက်လာတာ။ မနေ့က တော့ ၃၅ သိန်းအထိ ပြန်ရောက်လာတယ်။ ဒီမနက်အထိလည်း ဒီစျေးနှုန်းပဲ။” ဟု ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရွှေစျေးနှုန်းမှာ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက အမြင့်ဆုံးစျေးနှုန်းဖြစ်သည့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ အထိ ရောက်ရှိခဲ့ပြီးမှ တဖြည်းဖြည်းပြန်လည်ကျဆင်း လာကာ စက်တင်ဘာနှင့် အောက်တိုဘာလကုန်ပိုင်းအထိ ၃၄ သိန်းကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။
”ကမ္ဘာ့ရွှေစျေး အမြင့်ပိုင်းရောက်နေတာတွေကြောင့် စျေးတက်လာတာရှိသလို သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ပွဲတော်ကာလနဲ့ နီးတဲ့အချိန်တွေမှာလည်း ရွှေစျေးအနည်းငယ် တက်လေ့ရှိတယ်။ ဒီရက်ပိုင်းက တိုက်ပွဲတွေဖြစ်နေတာနဲ့ ရွှေအရောင်းအဝယ်လုပ်သူတွေ များလာတာကြောင့်လည်း စျေးတက်တာဖြစ်နိုင်တယ်။” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
ကမ္ဘာ့ရွှေစျေးမှာ စျေးနှုန်းအမြင့်ပိုင်းတွင် ရောက်ရှိနေကာ ယနေ့နံနက်တွင် ရွှေတစ်အောင်စလျှင် ၁၉၉၃ ဒေါ်လာဖြစ်ကြောင်း သိရသည်။ ဗဟိုဘဏ်၏ အွန်လိုင်းရောင်းချသည့် စနစ်တွင် သတ်မှတ်ထားသည့် ဒေါ်လာစျေးနှုန်းဖြစ်သော တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် တွက်ချက်ထားသော ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့နံနက်ပိုင်း ရည်ညွှန်း စျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၃,၁၁၆,၅၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ – စီဂျေ
ပြည်တွင်းရွှေစျေး ပြန်လည်မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်