ပြည်တွင်းရွှေစျေး တရိပ်ရိပ်မြင့်တက်၊ အခေါက်ရွှေတစ်ကျပ်သား ၃၆ သိန်းကျော်သို့ ရောက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ပြည်တွင်းရွှေစျေးမှာ ယခုရက်ပိုင်းအတွင်း တရိပ်ရိပ်မြင့်တက်လာကြောင်း ရွှေရောင်းဝယ်ရေးစျေးကွက်မှ သိရသည်။

နိုဝင်ဘာ ၁ ရက်မှစ၍ ရွှေစျေးနှုန်း တရိပ်ရိပ်မြင့်တက်လာခဲ့ကာ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၆ သိန်းကျော်သို့ ရောက်ရှိလာကြောင်း သိရသည်။

“ ဒီရက်ပိုင်းအတွင်း နေတိုင်းကို စျေးတက်လာတာ။ နိုဝင်ဘာ ၁၃ ရက်က ၃၅ သိန်း၊ မနေ့က (နိုဝင်ဘာ ၁၄ ရက်) နေ့ခင်းက ၃၅ သိန်း ၄ သောင်းကနေ ညနေပိုင်းမှာ ၃၆ သိန်းကို ရောက်လာတယ်။ ဒီမနက်အဖွင့်စျေးက ၃၆ သိန်း ၃ သောင်းပါ။” ဟု ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

ရွှေစျေးနှုန်းမှာ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက အမြင့်ဆုံးစျေးနှုန်းဖြစ်သည့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ အထိ ရောက်ရှိခဲ့ပြီးနောက် တဖြည်းဖြည်းပြန်လည်ကျ ဆင်းလာကာ စက်တင်ဘာလနှင့် အောက်တိုဘာလကုန်ပိုင်းအတွင်း ၃၄ သိန်းကျပ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုမှ ယခုလအတွင်း တရိပ်ရိပ်ပြန်လည်မြင့်တက်လာကာ ယခုရက်ပိုင်းတွင် စျေးအမြင့်ပိုင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဟု ရွှေရောင်းဝယ်ရေး လုပ်ကိုင်သူများက ပြောသည်။

ပြည်တွင်းရွှေစျေးနှုန်း မြင့်တက်နေသော်လည်း ကမ္ဘာ့ရွှေစျေးနှုန်းမှာ ယခင်လများကထက် ကျဆင်းနေပြီး၊ အမေရိကန်ဒေါ်လာငွေနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာလည်း ယခုရက်ပိုင်း တွင် သိသိသာသာ စျေးမြင့်တက်မှုမရှိကြောင်း ရန်ကုန်မြို့မှ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ ကမ္ဘာ့ရွှေစျေးက အရင်လကဆို ရွှေတစ်အောင်စကို ဒေါ်လာ ၂၀၀၀ ဝန်းကျင်လောက်အထိ ရောက်ခဲ့တယ်။ အဲ့ဒီတုန်းက ရွှေစျေးက ၃၄ သိန်းဝန်းကျင်။ အခုရက်ပိုင်း ကမ္ဘာ့ရွှေစျေး က ၁၉၅၀ ဒေါ်လာဝန်းကျင်ဆိုပေမဲ့ ပြည်တွင်းရွှေစျေးကတော့ နေ့တိုင်းတက်နေတာပဲ။ ဒေါ်လာလဲလှယ်နှုန်းကလည်း ပြီးခဲ့တဲ့လက စျေးနှုန်းအတိုင်းပဲ။ တစ်ဒေါ်လာကို ၃၃၀၀ ကျပ် ဝန်းကျင်၊ ၃၄၀၀ ကျပ်ကို မကျော်သေးတော့ သိသိသာသာစျေးတက်တာတော့ မရှိဘူး။” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့ တိုက်ပွဲများဖြစ်ပွားနေမှုနှင့် တန်ဆောင်တိုင်ပွဲတော်ကာလ နီးကပ်လာမှုကြောင့် ရွှေရောင်းဝယ်သူ များပြားလာ၍ စျေးမြင့်တက်လာခြင်းဟု ရွှေလုပ် ငန်းရှင်အချို့က သုံးသပ်ပြောကြားသည်။

ကမ္ဘာ့ရွှေစျေးနှုန်းမှာ ယနေ့ နေ့လည်တွင် ရွှေတစ်အောင်စလျှင် ၁၉၆၇ ဒေါ်လာဖြစ်ကြောင်း သိရသည်။ ဗဟိုဘဏ်၏ အွန်လိုင်းရောင်းချသည့်စနစ်တွင် သတ်မှတ်ထားသည့် ဒေါ်လာ စျေးနှုန်းဖြစ်သော တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် တွက်ချက်ထားသော ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့ နေ့လည် ရည်ညွှန်းစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၃,၀၈၄,၂၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ပြည်တွင်းရွှေစျေး တရိပ်ရိပ်မြင့်တက်၊ အခေါက်ရွှေတစ်ကျပ်သား ၃၆ သိန်းကျော်သို့ ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.