ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်မှုကြောင့် တရုတ်သို့ဆန်ကွဲသာ တင်ပို့နေ

ရန်ကုန်၊ စက်တင်ဘာ ၅

ပြည်တွင်းတွင် ဆန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဆန်တင်ပို့ရာတွင် ဆန်ကွဲတစ်မျိုးတည်းသာ တင်ပို့နေရကြောင်း မူဆယ် ဆန် စပါးကုန်စည်ဒိုင်မှ သိရသည်။

မြင့်တက်နေသည့် ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန် မြန်မာနိုင်ငံဆန်းပါးအသင်းချုပ်အနေဖြင့် အရန်ဆန်များ၊ ဧည့်မထဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသော် လည်း ဆန်ဈေးမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

“ Oversea ကတော့ လိုင်စင်ကို ၄၅ ရက်ကန့်သတ်ထားတယ်။ အပြီးပိတ်တာတော့မဟုတ်ဘူး။ အခုက ပြည်တွင်းဆန်ဈေးနှုန်းမြင့်နေလို့ အရင်လိုမပို့နိုင်ဘူး။ ဆန်ကွဲတွေလောက်ပဲ သွားတော့တယ်” ဟု မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒု ဥက္ကဌ ဦးမင်းသိမ်းကပြောသည်။

လက်ရှိတွင် ပြည်တွင်းစားသုံးမှု ဖူလုံစေရန်အတွက် ပြည်တွင်းတွင် အဓိကစားသုံးသည့် ဆန်များဖြစ်သည့် ရွှေဘို ပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုများ၊ ဧရာမင်း၊ ဧရာပဒေသာ၊ အညာသား၊ ပခန်းစသည့် ဆန်အမျိုးအစားများကို ပြည်ပသို့တင်ပို့ခြင်းမရှိဘဲ ဧည့်မထဆန်အုပ်စုများဖြစ်သည့် ကရင်မ၊ ထွန်းပု၊ ငစိန်စသောဆန်များနှင့် ပေါင်းဆန် များကိုသာ အဓိကတင်ပို့နေပြီး ပြည်ပသို့ဆန်တင်ပို့မှုကို ရပ်နားထားခြင်းမရှိဘဲ ဆန်သိုလှောင်မှု ရာနှုန်းပြည့်ရှိသည့် ကုမ္ပဏီများကို ပြည်ပသို့ဆန်တင်ပို့ခွင့် လိုင်စင်များကို စိစစ်ပြီး ထုတ်ပေးရန် လုပ်ဆောင်နေကြောင်း သိရသည်။

ပြည်တွင်းဆန် လက်လီဈေးကွက်တွင် ရောင်းချရန် ဆန်စပါးအသင်းချုပ်မှ ရွှေဘိုပေါ်ဆန်း ၁ အိတ် ၁၂၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁ အိတ် ၁၁၀၀၀၀ ကျပ်၊ပေါ်ကျွဲ ၁ အိတ် ၉၅၀၀၀ ကျပ်၊ ဆန်ကြမ်း(ငစိန်၊ ဇီယာ၊ အုပ်စုဝင်) ၁ အိတ် ၇၂၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း တကယ်တန်း ပြင်ပဈေးကွက်တွင် ရောင်းချနိုင်ခြင်း မရှိပေ။

စုစု

ဓာတ်ပုံ-စားသုံးသူရေးရာဦးစီးဌာန

#ယနေ့ခေတ်

ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်မှုကြောင့် တရုတ်သို့ဆန်ကွဲသာ တင်ပို့နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.