ရန်ကုန်၊ အောက်တိုဘာ ၁၇
ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်လက်ကားဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
မိုးစပါးများ ရိတ်သိမ်းခါနီးချိန် ဖြစ်သော်လည်း ဆန်အဟောင်းများ ဈေးနှုန်းပြန်တက်လာပြီး လက်ကားဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း ဆန်အမျိုးအစားများ တစ်အိတ်လျှင် ကျပ်တစ်ထောင်ခန့် ဈေးပြန်လည်မြင့်တက်လာကြောင်း သိရသည်။
“ရွှေဘိုပေါ်ဆန်းရော ဧရာဝတီပေါ်ဆန်းရော တစ်အိတ်ကိုတစ်ထောင်လောက် ဈေးပြန်တက်တယ်။ အခုက စပါးသစ်ပေါ်ပေမယ့် ချက်ခြင်းကြိတ်လို့မရသေးဘူး။ စပါးက အစိုဓာတ် ရှိသေးတယ်။ ဆန်အဟောင်းကတော့ အကြမ်းလည်းတက်တာဘဲ။ နောက်လည်း ထပ်တက်ဖို့ရှိတယ်။ ရွှေဘိုအထိုင်ဈေးကိုက ဟိုမှာတင် တစ်အိတ်ကို တစ်သိန်းလေးသောင်း ကျော်နေတယ်။” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။
ရွှေဘိုမြို့ရှိ ဆန်စက်များ၌ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၄၂,၀၀၀ ကျပ်အရင်းရှိပြီး ရန်ကုန်ဆန်ကုန်စည်ဒိုင်သို့အရောက်မှာ ကားခ ၃၀၀၀ ကျပ်နှင့် အထွေထွေကုန်ကျစရိတ်တို့ ပေါင်းလိုက်လျှင် ဆန်ဈေးကွက်ထဲ၌ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀ ဖြင့် ရောင်းချလာကြကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ စိုက်ပျိုးသည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ဧရာဝတီပေါ်ဆန်းသည် ဈေးကွက်အတွင်း အရောင်းအဝယ်အေးကာ၊ ထိုဒေသမှ ထွက်ရှိသည့် ရက် ၉၀ မနောသုခ ဆန်အမျိုးအစားမှာတော့ ဆန်အသစ်တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ဈေးရှိပြီး အရောင်းအဝယ်ဖြစ်သည့် ဆန်အမျိုးအစားဖြစ်ကြောင်း သိရသည်။
လက်ရှိ အရောင်းအဝယ်ဖြစ်နေသည့် ဆန်ဈေးနှုန်းများမှာ လက္ကားဈေး ရွှေဘိုပေါ်ဆန်း အိုးဝင်ထူးထူးရှယ် ၁၃၀,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ထပ်စရှယ် ၁၃၅,၀၀၀ ကျပ်၊ မွှေးကြီး ရှယ် ၉၆,၀၀၀ ကျပ်၊ ခွံနီမပေါ်ဆန်းရှယ် ၁၀၃,၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းရှယ် ၁၁၃,၀၀၀ ကျပ်၊ ဆင်းသုခရှယ် ၇၅,၀၀၀ ကျပ်၊ ပခမ်းရှယ် ၈၃,၀၀၀ ကျပ် စသည်တို့ ဖြစ်ကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – ဂျူဂျူး
ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်လက်ကားဈေး ပြန်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်