ရန်ကုန်၊ ဇွန် ၁၈
ပြည်တွင်းစျေးကွက်တွင် စာအုန်းဆီရည်ညွှန်းစျေးနှုန်းသည် ဇွန် ၁၇ ရက်မှ ဇွန် ၂၃ ရက်ထိ တစ်ပတ်တွင်း ၅၃၇၀ ကျပ်ဟု သတ်မှတ်လိုက်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဇွန် ၁၇ ရက် နေ့စွဲဖြင့်ထုတ်ပြန်ချက်အရ သိရသည်။
“ ဇွန် ၁၇ ရက်ကနေ ဇွန် ၂၃ ထိ တစ်ပတ်အတွင်း စာအုန်းဆီတစ်ပိဿာ ၅,၃၇၀ နဲ့ရောင်းချပေးဖို့ သတ်လိုက်ပါတယ်။ ကမ္ဘာ့စားအုန်းဆီစျေးနှုန်း မြင့်တက်လာမှုကြောင့် အနည်းငယ်မြင့်တက်လိုက်ရခြင်းဖြစ်ပါတယ်။” ဟု စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဇွန် ၉ ရက်မှ ဇွန် ၁၆ ရက်ထိ တစ်ပတ်အတွင်း စားအုန်းဆီတစ်ပိဿာလျှင် ၅,၃၆၅ ကျပ်ဖြင့်သာရောင်းချရန် သတ်မှတ်ခဲ့သော်လည်း ပြင်ပ ဆန်၊ ဆီ အရောင်းဆိုင်များတွင် လူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သားဝယ်ချင်ပါက ကုန်မာပစ္စည်း အနည်းဆုံးကျပ် ၁၀,၀၀၀ ဖိုးဝယ်ယူမှသာ တစ်ပိဿာကျပ် ၅,၈၀၀ ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စားအုန်းဆီဈေးကွက်နှင့် ဆီဈေးနှုန်းဖြစ်ပေါ်မှုများအရ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅, ၃၇၀ သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းစားအုန်းဆီစျေးကွက်တွင် လက်လီတစ်ပိဿာလျှင် ကျပ် ၈၅၀၀ ဖြင့်ရောင်းချနေခြင်းဖြစ်ပြီး၊ စားအုန်းဆီကို အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ၏ဈေးနှုန်းကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန် ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခစရိတ်များ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်၌ရောင်းဝယ်ရမည့် အခြေခံလက်ကားရည်ညွှန်းဈေး ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းစျေးကွက်တွင် စားအုန်းဆီကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာမှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
ယနေ့ခေတ်
ပြည်တွင်းစျေးကွက်တွင် စားအုန်းဆီရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်