ပြည်တွင်းခရီးသွားများကိုသာ မြိတ်ကျွန်းစုခရီးစဥ် လည်ပတ်ခွင့်ပြုမည်

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကိုဗစ်ကာလတွင် ရပ်နားထားသည့် မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းများကို ယခုစတင်မည့် ခရီးသွားရာသီတွင် ပြည်တွင်းခရီးသွားများကိုသာ လည်ပတ်ခွင့်ပြုမည်ဖြစ်ကြောင်း မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ကိုဗစ် -၁၉ ရောဂါကာလမှ စတင်ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းများကို အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်ပြီး လုပ်ငန်းများပြန်လည် လည်ပတ်ရန် ကြိုတင်ပြင်ဆင် နေပြီး ယခုအခါ ပြည်တွင်းခရီးများကိုသာ ကျွန်းခရီးစဉ်ဝန် ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

“ ကျွန်းခရီးစဉ်တွေကို စတင်ပြေးဆွဲတော့မှာပါ။ ပြီးခဲ့တယ့်ရက်ပိုင်းက မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းက ကျွန်းတွေကိုသွားရောက်ပြီးတော့ ခရီးသည်ပို့ဆောင်ပေး မယ့်ကျွန်းတွေကို လေ့လာမှုတွေလုပ်ခဲ့ပြီးပါပြီ။ လောလောဆယ်တော့ ပြည်တွင်းခရီးသွားတွေပဲ လည်ပတ်ခွင့်ရအုံးမယ်။” ဟု မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်ကျွန်းစုခရိုင်တွင် ခရီးသွားကုမ္ပဏီပေါင်း ၂၀ ရှိပြီး ရှစ်ခုလောက်မှာ လာမည့်သီတင်းကျွတ်ရာသီမှစတင်ပြီး ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ နာမည်ကြီးသည့် ကျွန်းခရီးစဉ်များ လည်ပတ်နိုင်ရန်အတွက် လေးကျွန်း၊ သမီးလှ၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်း၊ ကြယ်လိပ်၊ ဘေလီ စသည့်ခရီးစဥ်များကို စီစဉ်ထားပြီး ခရီးစဉ်နှုန်းထားများမှာ လူတစ်ဦးလျှင် ငွေကျပ် နှစ်သိန်းမှ သုံးသိန်းခွဲအထိ သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် ပြည်ပခရီးသွားဧည့်သည်များ၏ လည်ပတ်မည့်ခရီးစဉ်နှင့် ပတ်သက်၍ တစ်ပတ်ကြိုတင် တင်ပြရကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်း နောင်းဟန်က ပြောကြားထားသည်။

စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပြည်တွင်းခရီးသွားများကိုသာ မြိတ်ကျွန်းစုခရီးစဥ် လည်ပတ်ခွင့်ပြုမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.