ရန်ကုန်၊ နိုဝင်ဘာ ၂၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ (၁၇) ကြိမ်မြောက်ကျင်းပမည့် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို မကျင်းပဖြစ်တော့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ မီးပုံပျံပွဲတော်ကို မဟာအံ့ထူးကံသာ ဘုရားကြီးဝန်းအတွင်း၌ နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။
“ မလုပ်ဖြစ်တော့ဘူး။ နယ်မြေမအေးချမ်းတာကြောင့်လည်း ပါမယ်ထင်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတော့။ အဲဒီလိုတော့ပြောသံကြားတယ်။” ဟုပြင်ဦးလွင်မြို့ရှိ ဒေသခံတစ်ဦး က ယနေ့ခေတ်သို့ ပြောသည်။
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်တို့တွင် သုံးနှစ်ကြာရပ်နားထားပြီး ယခုတစ်ကြိမ်တွင် ပထမဦးဆုံး ပြန်လည်ကျင်း ပရန် စီစဉ်ခြင်းဖြစ်သည်။
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်တော့ကြောင်း ကြေညာထားပြီး၊ ထိုအကြောင်းအရာနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနသို့ ယနေ့ခေတ်မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပေ။
သို့သော် တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကို ယနေ့ နိုဝင်ဘာလ ၂၁ ရက်တွင် စတင်ကျင်းပနေပြီဖြစ်ကာ၊ နိုဝင်ဘာ ၂၇ ရက်အထိ၊ တစ်ပတ်ကြာ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို မကျင်းပဖြစ်တော့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်