ရန်ကုန်၊ အောက်တိုဘာ ၂၂
မန္တလေး-ပြင်ဦးလွင်လမ်းတွင် ခရီးသည်တင်ယာဉ် အန်စာတုန်းကားတစ်စီး ဘရိတ်ပေါက်ပြီး ပေ ၅၀ ခန့်ရှိ ချောက်ထဲကို ထိုးကျခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁ နာရီ ခွဲခန့်က မန္တလေး-ပြင်ဦးလွင်လမ်း မိုင်းတိုင်အမှတ် ၁၈/၁ တွင် ခရီးသည်ကိုးဦးလိုက်ပါလာသည့် အန်စာတုန်းကား ဘရိတ်ပေါက်ပြီး ပေ ၅၀ ခန့်ရှိ ချောက်ထဲကို ထိုးကျခဲ့ရာ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးမှ အသင်းဝင်တစ်ဦး၏ ပြောကြာချက်အရ သိရသည်။
“ကားက အန်စာတုန်းကားပဲ။ ကျွန်တော်တို့ ဖြစ်တဲ့နေရာကို ၂ နာရီလောက် ရောက်တယ်။ ကားထိုးကျတဲ့အချိန်ကတော့ ၁ နာရီခွဲလောက်က။ ကားထဲမှာ စုစုပေါင်း ကိုးဦးတော့ ပါတယ်။ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးခုနှစ်ဦးပါတယ်။ ကလေးအပါးအဝင်ပေါ့။ ကလေးက ၁၀ နှစ်တော့ရှိပြီ။ ကျွန်တော်တို့သိရသလောက်ကတော့ ကလေးက စိုရိမ်ရတဲ့အခြေ နေတော့ရှိတယ်။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာတွေရကြတယ်။ သူတို့အကုန်လုံးက မိသားစုဝင်တွေပဲ။” ဟု စေတနာမွန် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒဏ်ရရှိသူတို့အား စေတနာမွန် လူမှုကူညီရေးအသင်းနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့က လူနာတင်ယာဉ် ၄ စီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- စေတနာမွန် လူမှုကူညီရေးအသင်း
ပြင်ဦးလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျ ရှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်