ဗဲလ်နီယက်၊ ဖေဖော်ဝါရီ ၁၇
ပြင်သစ်သမ္မတ မက်ခရွန်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးတို့သည် ယူရို ၃ ဘီလျံကူညီထောက်ပံ့ပေးမည့် အစီအစဉ်များပါဝင်သော လုံခြုံရေးဆိုင်ရာသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
ယူကရိန်းသည် ဂျာမနီ၊ ဗြီတိန်နိုင်ငံတို့နှင့် လုံခြုံရေးဆိုင်ရာသဘောတူညီမှုများ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံနှင့် ထပ်မံလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လုံခြုံရေးသဘောတူညီချက်ထဲတွင် ပြင်သစ်နိုင်ငံသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပေးမည့်အပြင် ယူကရိန်းစစ်သားတွေကိုလည်း လေ့ကျင့်သင်ကြားပေးမည့်အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ လုံခြုံရေးသေဘာတူညီချက်များအရ ပြင်သစ်သည် ယူကရိန်းကို ၂၀၂၄ ခုနှစ်အတွင်း ယူရို ၃ ဘီလျံကျော် ကူညီထောက်ပံ့ပေးရမည်ဖြစ်ကြောင်း သိရသည်။
ပြင်သစ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ၎င်းတို့သည်လည်း အခြားမိတ်ဖက်နိုင်ငံများကဲ့သို့ ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်များ ပိုမိုကောင်းမွန်စေရန်အတွက် ယူကရိန်းကို စစ်ရေးအကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
ယူကရိန်းနှင့် ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း နှစ်နှစ်နီးပါးအတွင်း ရုရှားသည် ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားပြီး၊ ယူကရိန်းက သိမ်းပိုက်ခံထားရသော ဒေသများကို ပြန်လည်ရယူရန် ကြိုးပမ်းနေရာ အနောက်အုပ်စုနိုင်ငံများထံမှ စစ်လက်နက်ပစ္စည်းများနှင့် ငွေကြေးအကူညီများ ရယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများကလည်း ယခုနှစ်အတွင်း ယူကရိန်းကို ဒရုန်းအစီးရေတစ်သန်း ကူညီပေးရန်စီစဉ်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
alarabiya.net/News
ပြင်သစ်သမ္မတနှင့် ယူကရိန်းသမ္မတတို့ လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်