ပြင်ပဈေးကွက်တွင် မျက်နှာသိများကိုသာ စားအုန်းဆီ ရောင်းချပေးရဲသည်ဟု လက်လီ ဆိုင်များ ဆို

ရန်ကုန်၊ စက်တင်ဘာ ၁၈

စားအုန်းဆီ လက်လီဆိုင်များတွင် မျက်နှာသိများကိုသာ ရောင်းချပေးနေရကြောင်း စားသုံးဆီ လက်လီဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၃၁ မှစ၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ လက်လီ/လက္ကားဈေးကွက်အတွင်း တစ်ပိသာလျှင် ရည်ညွှန်းဈေး ၄၈၀၀ ကျပ် ဖြင့်ရောင်းချရန် ညွှန်ကြားထားသော်လည်း လက်လီဆိုင်များတွင် သယ်ယူစရိတ်၊ အလုပ်သမားစရိတ်တို့ကြောင့် အဆိုပါဈေးဖြင့်ရောင်းချပါက အရှုံးပေါ်နေကြကြောင်း သိရသည်။

ထို့ကြောင့် ပြင်ပပေါက်ဈေး ခုနှစ်ထောင်မှ ကိုးထောင်ကြားရှိသည့် စားအုံးဆီအား မျက်နှာသိဖောက်သည်များကိုသာ ရောင်းချပေးရဲကြောင်း စားအုံးဆီ လက်လီဆိုင်တစ်ဆိုင်က ပြောသည်။

“လက်လီဆိုင်တွေမှာ ပုံမှန်ဝယ်နေကြ ဖောက်သည်တွေရှိတယ်။ မုန့်လုပ်ငန်းတွေ၊ အကြော်ဆိုင်တွေ၊ လဘက်ရည်ဆိုင်တွေကို ပုံမှန်ရောင်းပေးနေရတာရှိတယ်။ သူတို့ပြောသလို တစ်ပိဿာ ၄၈၀၀ ဆိုတာ ရောင်းလို့မကိုက်ဘူး။ အပြင်လူကိုမရောင်းရဲဘူး။ သူတို့ပြောတဲ့ဈေးအတိုင်းမရောင်းလို့ သွားတိုင်ရင် အဖမ်းခံရမှာ။ ခိုးကြောင်ခိုးဝှက်ရောင်းနေရတယ်။” ဟု ဆင်ခြေဖုံး ရပ်ကွက်ဈေးအတွင်းရှိ စားသုံးဆီ လက်လီ/လက်က္ကားဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်တွင် ဈေးမြင့်တက်နေသည့် စားအုန်းဆီကို ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရန် စားအုန်းဆီဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့ ဖွဲ့ထားပြီး သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချပါ က Call Center ၁၅၃၅ သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ညောင်ပင်လေးဈေးရှိ စားသုံးဆီလက်က္ကားဆိုင် တစ်ဆိုင်ကို လက္ကားရည်ညွှန်းဈေးထက် ပိုရောင်းသည်ဟုဆိုကာ စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေး အဖွဲ့သို့ တိုင်ကြားလာသဖြင့် သက်ဆိုင်ရာအဖွဲ့များက စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

“ဈေးထဲမှာ ဆီဆိုင်တွေဖွင့်ထားတယ်။ ဒါပေမယ့် သွားဝယ်တာ မရောင်းဘူး။ စားအုန်းဆီတစ်ပိဿာကို ၄၈၀၀ နဲ့လိုချင်ရင် တန်းဆီရောင်းတဲ့နေရာမှာဘဲ ဝယ်လို့ရတယ်။ တန်းဆီရ တာ လူတွေကများတယ်။ တစ်ပိဿာရောင်းပေးမယ်ဆို ပြီး ငါးဆယ်သားဘဲရတယ်။ တန်းဆီနေတုန်း ကိုယ့်အလှည့်ရောက်ကာနီးမှ ဆီမရတော့ဘူးဆိုပြီး မရောင်းတာတွေလဲရှိ တယ်။” ဟု တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးထဲတွင် ဆီတန်းစီဝယ်ယူရသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် ဘုရင်နောင်ကုန်စည်ဒိုင်နှင့် ရန်ကုန်မြို့အတွင်းရှိ စားသုံးဆီလက်လီ/လက်က္ကား အ ရောင်းဆိုင် ၁၄၀ တို့တွင် လက္ကားရည်ညွှန်းဈေးအတိုင်းရောင်း ချပေးမည်ဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ထားသည့် ရန်ကုန်အထိုင်ဈေး အခြေခံလက္ကားရည်ညွှန်း ဈေးမှာ စားအုန်းဆီတစ်ပိဿာလျှင် ၄,၄၄၀ ကျပ်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – စုစု

#ယနေ့ခေတ်

ပြင်ပဈေးကွက်တွင် မျက်နှာသိများကိုသာ စားအုန်းဆီ ရောင်းချပေးရဲသည်ဟု လက်လီ ဆိုင်များ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.