ရန်ကုန်၊ ဩဂုတ် ၁၄
ပြင်ပစျေးကွက်၌ ယနေ့ပေါက်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းကျော်သို့ ရောက်ရှိလာကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။
ပြင်ပရွှေစျေးကွက်၌ ဩဂုတ် ၁၂ ရက်၊ ညနေက အခေါက်ရွှေတစ်ကျပ်သား လျှင် ၃၆ သိန်း ၉ သောင်းကျပ်ဝန်းကျင်ဖြင့် ယခုနှစ်အတွင်း အမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိခဲ့ပြီးနောက် ယနေ့ရွှေစျေးကွက်ဖွင့်ချိန်တွင် အဆိုပါစျေးထက်ကျော်လွန်ကာ ၃၇ သိန်းအထက်သို့ ရောက်ရှိလာခြင်းဟု ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
“ ဒီစျေးက ဒီနှစ်ထဲအတွက်ဆိုရင် အမြင့်ဆုံးစျေးနှုန်းပဲ။ ဒီနေ့လည်ပေါက်စျေးက အခေါက်ရွှေတစ်ကျပ်သားကို ၃၇ သိန်း ၃ သောင်းကျပ်ပါ။“ ဟု ၎င်းကပြောသည်။
ယမန်နှစ် ဩဂုတ်လအတွင်းက ဒေါ်လာစျေးမြင့်တက်မှုနှင့်အတူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၈ သိန်းကျော်ဖြင့် စံချိန်တင်စျေးနှုန်းအဖြစ် ရောက်ရှိခဲ့ဖူးကြောင်း သိရသည်။
ယနေ့တွင် ပြင်ပရွှေစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းအထက်သို့ရောက်ရှိလာသော်လည်း ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ၃၄ သိန်း ၆ သောင်း ဖြစ်ပြီး ရွှေအရည်အ သွေး တစ်ပဲရည်သာကွာဟသော်လည်း စျေးနှုန်းကျပ် ၂ သိန်းနီးပါး ကွာခြားနေကြောင်း ပြောဆိုမှုများလည်းရှိသည်။
“ စျေးတွေတအားတက်တော့ အဖမ်းခံရမှာစိုးလို့ ၁၅ ပဲရည်ကို လျော့ရောင်းနေတာ။ အဲ့လိုလျော့ရောင်းပြီး အလျော့တွက်ကို ပိုယူကြတာ။ အလျော့တွက်ပါထည့်ပေါင်းလိုက်ရင် ၁၅ ပဲရည်နဲ့ အခေါက်ရွှေက စျေးမကွာတော့ဘူး“ ဟု ရန် ကုန်မြို့ မှ ရွှေလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ရှင်းပြသည်။
လက်ရှိရွှေစျေးကွက်အတွင်း အခေါက်ရွှေစျေးနှုန်း အဆမတန်မြင့်တက်နေပြီး ထိုစျေးနှုန်းများဖြင့် ရောင်းဝယ်သူများကို လိုက်လံဖမ်းဆီးမှုများရှိနေ၍ အခေါက်ရွှေအရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရွှေစျေးမှာ ယခုနှစ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၃၀ ဝန်းကျင်ရှိနေရာမှ ဇူလိုင် ၂၃ ရက်က ကျပ်နှစ်သောင်းတန် ထုတ်ဝေမည်ဆိုသောသတင်း ကြောင့် စျေးမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့အထိလည်း စျေးထပ်မံမြင့်တက်နေဆဲဟု သိရသည်။
ပြည်တွင်းရွှေစျေး မြင့်တက်နေသော်လည်း ကမ္ဘာ့ရွှေစျေးမှာ တရိပ်ရိပ်ကျဆင်းလျက်ရှိနေပြီး ယနေ့ နေ့လည်တွင် ရွှေတစ်အောင်စလျှင် ၁၉၁၂ ဒေါ်လာ ရှိကာ ဗဟိုဘဏ်မှ သတ် မှတ်ထားသည့် ငွေလဲနှုန်း ၂၁၀၀ ကျပ်ဖြင့် တွက်ချက်ထားသည့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့နေ့လည် ရည်ညွှန်းစျေးတွင် အခေါက်ရွှေတစ်ကျပ်သား နှစ်ဆယ့်နှစ် သိန်း ငါးသောင်း ခြောက်ထောင့် တစ်ရာကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရွှေစျေးမြင့်တက်နေ၍ ရွှေတုံး၊ ရွှေခဲများကို တာဝန်ရှိသူများ၏ စျေးနှုန်းကြီး ကြပ်မှုပုံစံမျိုးဖြင့် အွန်လိုင်းမှရောင်းချသော Online Trading အစီအစဉ်ကို ဆောင်ရွက်ရန်လိုအပ် ကြောင်း ဩဂုတ် ၁၂ ရက်က နေပြည်တော်၌ပြုလုပ်သည့် အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဌကပြောကြားထားသည်။
မောင်ဇော်
ပြင်ပစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းကျော်သို့ ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်