ပြင်ပစျေးကွက်၌ ရွှေစျေးတရိပ်ရိပ်မြင့်တက်နေ၍ စျေးတင်ရောင်းချသူများကို ဖော်ထုတ်အရေးယူမည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ပြင်ပစျေးကွက်တွင် ရွှေစျေးတရိပ်ရိပ်မြင့်တက်နေ၍ စျေးတင်ရောင်းချသူများကို ထိရောက်စွာ ဖော်ထုတ်အရေးယူမည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ သတင်းထုတ်ပြန်သည်။

ရွှေစျေးကျဆင်းစေရန် တာဝန်ရှိသူများက ညွှန်ကြားထားသောကြောင့် ရွှေစျေးအား ဆွဲတင်၊ ဆွဲချ၍ စျေးကစားသူများကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ ရွှေကို စျေးဆွဲတင်၊ ဆွဲချလုပ်ပြီး ကစားသူ၊ လမ်းကြောင်းလုပ်သူများ၊ ကောလာဟလထုတ်လွှင့်ပြီး ရွှေစျေးမြင့်တက်အောင်လုပ်သူများ၊ ဖေ့ဘုတ်စ်၊ Viber အသုံးပြုပြီး စျေးတက် အောင်လုပ်သူတွေကို ထိရောက်စွာအရေးယူမယ်။” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ပြင်ပစျေးကွက်တွင် ရွှေစျေးမှာ နေ့စဉ်နှင့်အမျှ တရိပ်ရိပ်မြင့်တက်လျက်ရှိနေကာ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းအထိ ရောက်ရှိနေကြောင်း သိရသည်။

“ နိုဝင်ဘာ ၁၀ ရက်၊ နေ့လည်ကဆို အခေါက်ရွှေတစ်ကျပ်သား ၃၅ သိန်း။ ဒီနေ့နေ့လည်စျေးက ၃၇ သိန်းဆိုတော့၊ ရွှေစျေးက တစ်ပတ်အတွင်း ကျပ်နှစ်သိန်းလောက်တက်သွားတာ။ ပြီးခဲ့တဲ့ သုံးရက်လောက်စပြီး စျေးတက်နေတာ။ တစ်နေ့ထဲ မနက်စျေးနဲ့ ညနေစျေးတောင်မတူဘူး။ ဘာ့ကြောင့်တက်တယ်ဆိုတာတော့ မသိဘူး။” ဟု ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ် ထားသူတစ်ဦးက ပြောသည်။

ထိုသို့ ရွှေစျေးမြင့်တက်နေ၍ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေဆိုင်အချို့၌ အခေါက်ရွှေနှင့် ရွှေတုံး၊ ရွှေခဲများအား အရောင်းရပ်နားထားကြောင်း ကြေညာထားသည်ကို တွေ့ရသည်။

ရွှေစျေးနှုန်းမှာ ပြီးခဲ့သည့်ဩဂုတ်လအတွင်းက အမြင့်ဆုံးစျေးနှုန်းဖြစ်သည့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ အထိ ရောက်ရှိခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျ ဆင်းလာကာ စက်တင်ဘာလနှင့် အောက်တိုဘာလကုန်ပိုင်းအတွင်း ၃၄ သိန်းကျပ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုမှ ယခုလအတွင်း တစ်ရိပ်ရိပ်ပြန်လည်မြင့်တက်လာကာ ယခုရက်ပိုင်းတွင် စျေးအမြင့်ပိုင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဟု ရွှေရောင်းဝယ်ရေး လုပ်ကိုင်သူများက ပြောသည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် တန်ဆောင်တိုင်ပွဲတော်ကာလ နီးကပ်လာမှုကြောင့် ရွှေရောင်းဝယ်သူ များပြားလာ၍ စျေးမြင့်တက်လာခြင်းဟု ရွှေလုပ် ငန်းရှင်အချို့က သုံးသပ်ပြောကြားသည်။

ကမ္ဘာ့ရွှေစျေးနှုန်းမှာ ယနေ့ နေ့လည်တွင် ရွှေတစ်အောင်စလျှင် ၁၉၈၄ ဒေါ်လာဖြစ်ကြောင်း သိရသည်။ ဗဟိုဘဏ်၏ အွန်လိုင်းရောင်းချသည့်စနစ်တွင် သတ်မှတ်ထားသည့် ဒေါ်လာ စျေးနှုန်းဖြစ်သော တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် တွက်ချက်ထားသော ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း၏ ယနေ့ နေ့လည် ရည်ညွှန်းစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၃,၁၁၀,၉၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ပြင်ပစျေးကွက်၌ ရွှေစျေးတရိပ်ရိပ်မြင့်တက်နေ၍ စျေးတင်ရောင်းချသူများကို ဖော်ထုတ်အရေးယူမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.