ရန်ကုန်၊ မတ်လ ၄
ဂျပန်အပါအဝင် တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် ပျားရည်တန်ချိန် ၂၀၀ ခန့် တင်ပို့နေရပြီး၊ လက်ရှိအချိန်ထိ ပြည်ပသို့ မက်ထရစ်တန်ချိန် ၂၀၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်)မှ သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ ဆီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည် တန်ချိန် ၃၀၀ ခန့်ထွက်ရှိကြောင်း၊ အဆိုပါ ဆီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည်သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မကွေးတိုင်းဒေသကြီးမှ အဓိကထွက်ရှိပြီး ပြည်တွင်းစားသုံးမှုမှာ နှစ်စဉ်တန်ချိန် ၁၀၀ ခန့်ရှိကြောင်း သိရ သည်။
“ပျားရည်ထုတ်လုပ်တဲ့အခါ ပျားအုံတွေမှာ ပျားရည်ပြည့်မပြည့်၊ ပျားရည်ထုတ်လုပ်မှုအချိန်ရောက်၊ မရောက် ပျားမွေးမြူရေးပညာရှင်တွေကို ပျားမွေးမြူသူတွေဆီစေလွှတ်ပြီးတော့ စစ်ဆေးပေးပါတယ်။ ဒီထက်ပိုပြီး အရည်အသွေးပြည့်ဝတဲ့ ပျားရည်တွေထုတ်နိုင်ဖို့ကလဲ ပညာပေးဆောင်ရွက်နေပါတယ်။” ဟုမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူးမှုဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ ပျားမွေးမြူမှု အဓိကဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပျားမွေးမြူရေးစခန်းခြောက်ခုနှင့် ပုဂ္ဂလိကပျားမွေးမြူသူ ၇၈ ဦးရှိပြီး ပျားအုံပေါင်း ၁၃,၀၀၀ ကျော်ရှိကာ ပျားရည်များကို နှစ်စဉ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်နှင့် ဆီးပျားရည်သည် ၆၀ ရာခိုင်နှုန်း၊ ပန်းပေါင်းစုံပျားရည်သည် ၁၀ ရာခိုင်နှုန်းထွက်ရှိပြီး ပြည်ပတင်ပို့မှုတွင် နေကြာပျားရည်သည် ဈေး နှုန်းအများဆုံးရရှိကြောင်း သိရသည်။
စုစု
ပျားရည်မက်ထရစ်တန်ချိန် ၂၀၀၀ ခန့် ပြည်ပသို့တင်ပို့နိုင်ခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်