ရန်ကုန်၊ အောက်တိုဘာ ၇
နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ရွှေတူးဖော်ရာ၌ မြေပြုကျပြီး အမျိုးသားသုံးဦး သေဆုံးကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၆ ရက်၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပျဉ်းမနားမြို့၊ ဝဲကြီးကျေးရွာအနီး၊ ဆင်ဖြူတောင်တော်ရှိ ကျင်းဟောင်းအတွင်း ရွှေတူးဖော်ရာမှ တောင်အမြင့် ပေ ၁၀၀၀ ခန့်ရှိ မြေပြိုကျကာ အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း ပျဉ်းမနားမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ဆီ သတင်းဝင်တော့ မြေပြိုတယ်။ ပိတ်မိနေတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ သုံးယောက်ပိတ်မိနေတယ်တဲ့။ တောင်အမြင့် ပေ ၁၀၀၀ ခန့်ရှိတဲ့ တွင်း ဟောင်းထဲမှာ ရွှေတူးရင်းနဲ့ မြေပြိုကျပြီး ပိတ်နေတယ်ပေါ့။ ကျွန်တော်တို့ ရှာဖွေရေးတွေ ဆောင်ရွက်တဲ့အခါ ဘော်ဒီ နှစ်လောင်းရတယ်။ လူနာကတစ်ယောက်ရတယ်။ ဘော်ဒီ နှစ်လောင်းကိုလည်း ပရဟိတအသင်းက နိဗ္ဗန်ယာဉ်နဲ့ ပို့ပေးလိုက်တယ်။ တစ်ယောက်ကတော့ ဆေးရုံရောက်မှသေတယ်လို့ သတင်းရတယ်ဗျ။” ဟု ပျဉ်းမနား မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေဆုံးသူ အမျိုးသားသုံးဦးအား မိုးစေတန ပရဟိတအသင်းမှ ပျဉ်းမနားကုတင် (၂၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- ပျဉ်းမနား မီးသတ်တပ်ဖွဲ့
ပျဉ်းမနားမြို့နယ်၌ မြေပြိုမှုကြောင့် အမျိုးသားသုံးဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်