ပဲခူးမြို့၌ ရေပြန်လည်ကျဆင်းလာ

ရန်ကုန်၊ အောက်တိုဘာ ၁၁

သုံးရက်ခန့် ရေနစ်မြုပ်ခဲ့သည့် ပဲခူးမြို့တွင် ယနေ့နံနက်ပိုင်းမှစ၍ ရေပြန်လည်ကျဆင်းလာပြီဖြစ်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေ သေးကြောင်း ဒေသခံများက ပြောသည်။

ယနေ့နံနက်ပိုင်းကစ၍ ပဲခူးမြို့ရှိ နေရာအများအပြားတွင် ယခင်ရက်များက ထက် ရေပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း ပဲခူးမြို့၌ နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ အနည်းငယ်တော့ ပြန်ကျလာတယ်။ အရင်ရက်တွေကလောက်တော့ ရေအများကြီး မရှိတော့ဘူး။ တချို့တွေဆို ကယ်ဆယ်ရေးစခန်းကနေ အိမ်ရဲ့အခြေအနေကို ပြန်ကြည့်တာ တွေတောင် ရှိတယ်။ အမြင့်ပိုင်းရပ်ကွက်က တချို့အိမ်တွေထဲကရေတွေ ပြန်ထွက်ကုန်ပြီ။” ဟု ၎င်းကပြောသည်။

ယနေ့နံနက်ပိုင်းက ပဲခူးမြို့တွင် နှစ်ပေနီးပါးခန့် ရေပြန်လည်ကျဆင်းလာပြီဖြစ်သော်လည်း လုံးဝပြန်လည်ကျဆင်းခြင်းတော့ မဟုတ်သေးကြောင်း ပဲခူးမြို့အခြေစိုက် ကြီးလေးကြီး လူမှုကူညီရေးအသင်းမှ ကိုမင်းမင်းထွန်းက ယနေ့ခေတ်သို့ ပြောသည်။

“ ရေကပြန်ကျလာပြီ။ ရေလုံးဝမရှိတော့ဘူးလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ သူ လယ်ဗယ်အတန်းမှာတော့ ရေရှိတုန်းပဲ။ နှစ်ပေခန့်တော့ ကျသွားပြီ။ ဒူးလောက်မြုပ်တဲ့နေရာတွေမှာ ရေမရှိတော့ဘူး။ လူတစ်ကိုယ်လုံးမြုပ်တဲ့နေရာမှာ လူတရပ်၊ လူတရပ်မြုပ်တဲ့နေရာမှာ ရင်ခေါင်း၊ ရင်ခေါင်းလောက်မြုပ်တဲ့နေရာမှာ ခါးလောက်၊ အဲ့လောက်ပဲကျန်တော့တာ။ လုံးဝ ရေကင်းစင်သွားတာတော့ မဟုတ်ဘူး။” ဟု ကိုမင်းမင်းထွန်းက ပြောသည်။

ပဲခူးတစ်မြို့လုံးနီးပါး ရေပြန်လည်ကျဆင်းလာပြီဖြစ်ကာ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဇိုင်းကနိုင်း၊ မော်ကန်နှင့် ဆိုရှယ်လစ်တို့တွင် အခြားနေရာများထက် ရေကျန်ရှိနေသေး ကြောင်း ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် ပဲခူးမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် ရေနစ်မြုပ်နေဆဲရှိနေသေးပြီး ကယ်ဆယ်ရေးအဖွဲ့အချို့လည်း ကူညီနိုင်ရန် သွားရောက်နေကြောင်း သိရသည်။

လက်ရှိတွင် တစ်မြို့လုံးနီးပါး ရေပြန်လည်ကျဆင်းလာပြီဖြစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများပါ လုပ်ဆောင်နိုင်ရန် ပြင်ဆင်နေကြကြောင်း ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက ပြောသည်။

နှစ်ပေါင်း ၆၀ နီးပါးအတွင်း စံချိန်တင် မိုးရွာသွန်းမှုနှင့် ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် အောက်တိုဘာ ၈ ရက်နေ့မှစ၍ ပဲခူးမြို့နှင့် အနီးတဝိုက်ဒေသများတွင် ရေနစ်မြုပ်မှုများဖြစ် ပေါ်ခဲ့ကာ ယမန်နေ့ ညပိုင်းအထိ ရေကြီးရေလျှံမှုဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေအထိ ပဲခူးမြို့တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၄၁ ခု ဖွင့်လှစ်ထားပြီး လူဦးရေ နှစ်သောင်းနီးပါး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ မီးသတ်တပ်ဖွဲ့မှလည်း အချိန်နှင့်တပြေးညီ ကူညီမှုများလုပ်ဆောင်နေ ကြောင်း ထုတ်ပြန်ထားသည်။

မိုး/ဇလ၏ ယနေ့နံနက် အစောပိုင်းအချိန် ထုတ်ပြန်ချက်တွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် သတ်မှတ်ချက် ၈၈၀ စင်တီမီတာမှ ၉၈၃ စင်တီမီတာသို့ ရောက်ရှိနေကာ ယမန်နေ့က ထက် ၁၈ စင်တီမီတာခန့် ကျဆင်းသွားသော်လည်း စိုးရိမ်ရေမှတ်တွင် ဆက်လက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ယခု မိုးရာသီအတွင်း ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးမြို့တွင် ရေကြီးရေလျှံမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး ယခုအကြိမ်မှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်ကြောင်း မြို့ခံများက ပြောသည်။

မောင်ဇော်

ဓါတ်ပုံ – ပဲခူးဒေသခံများ

ပုံစာ- ယနေ့နံနက်ပိုင်း ပဲခူးမြို့အား တွေ့ရစဉ်။

#ယနေ့ခေတ်

ပဲခူးမြို့၌ ရေပြန်လည်ကျဆင်းလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.