ပဲခူးတွင် အမျိုးသမီးတစ်ဦး ခွေးရူးပြန်ရောဂါ​​ဖြင့် သေဆုံး

ပဲခူး၊ ဧပြီ ၁၄

ပဲခူးတိုင်း​ဒေသကြီး၊ သုံးဆယ်မြို့နယ်၊ ပဲခူးရိုးမမြိုင်​ဟေဝန် ဆင်စခန်းတွင်နေထိုင်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အိမ်​မွေးခွေးပေါက်စ၏ သွားနှင့်ခြစ်မိသည့် သွေးစို့ဒဏ်ရာဖြင့် ဧပြီ ၁၂ ရက်က ​ခွေးရူးပြန်​ရောဂါဖြင့် ​သေဆုံးသွား​ကြောင်း သုံးဆယ်မြို့နယ်အခြေစိုက် အ​ဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ အိမ်​မွေး​ခွေး​ပေါက်စ​​လေးရဲ့ သွားနဲ့ခြစ်မိတဲ့ ​သွေးစို့ဒဏ်ရာကို သတိ​မေ့မိတာထင်ပါတယ်။ ​ခွေး​ပေါက်စ​​လေးရဲ့ သွားနဲ့ခြစ်မိတာက လွန်ခဲ့တဲ့ ၆ လကတည်းကပါ။ ကာကွယ်ဆေးမထိုးမိတာကြောင့် ဧပြီ ၁၂ ရက်နေ့မှာ ခွေးရူးပြန်ရောဂါနဲ့ ​သေဆုံးရတာပါ။ ဧပြီ ၉ ရက်မှာ ရောဂါလက္ခဏာပြလာတဲ့အတွက် နီးစပ်ရာကျန်းမာရေးဆေးပေးခန်းဆီ ပြသကုသပေမယ့် ဆေးပေးခန်းက သာယာဝတီဆေးရုံဆီ တင်ပို့ကုသဖို့ ညွှန်ကြားတာကြောင့် လာရောက်ကုသချိန်မှာ ခွေးရူးပြန်ရောဂါလက္ခဏာ ပြင်းထန်လာတဲ့အတွက် သာယာဝတီဆေးရုံက ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံလွှဲပြောင်းတာကြောင့် အဖြူရောင်ပရဟိတလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်နဲ့ သယ်ဆောင်လာတဲ့ လမ်းခုလတ်မှာပဲ အမျိုးသမီးငယ်သေဆုံးတယ်။” ဟု သုံးဆယ်မြို့နယ်အခြေစိုက် အ​ဖြူရောင်ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ခွေးရူးပြန်ရောဂါဝေဒနာခံစားရသူ မိသားစုက ပဲခူးရိုးမ မြိုင်​ဟေဝန်ဆင်စခန်း၌ နေထိုင်ကြသူများဖြစ်ပြီး သေဆုံးသူအမျိုးသမီးငယ်က ခွေးပေါက်စလေးကို လက်ပွန်းတ တီး ပွေ့ချီစနောက်မိရာမှ ခွေးသွားဖြင့်ခြစ်မိသည့် သွေးစို့ဒဏ်ရာ အနည်းငယ်ရရှိခဲ့​ခြင်းဖြစ်ကြောင်း ၎င်းမိသားစုဝင်များက ​​ပြောသည်။

လက်ရှိ ကမ္ဘာတစ်ဝန်းတွင် ခွေးရူးပြန်ရောဂါကြောင့် တစ်နှစ်ကို လူ ၇၀,၀၀၀ ထိ အသက်ဆုံးရှုံးလျက်ရှိနေ​ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – သုံးဆယ်မြို့နယ်အခြေစိုက် အ​ဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်း

ပဲခူးတွင် အမျိုးသမီးတစ်ဦး ခွေးရူးပြန်ရောဂါ​​ဖြင့် သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.