ရန်ကုန်၊ အောက်တိုဘာ ၂၅
ပဲခူးတိုင်း ရေကြီးနစ်မြုပ်မှုတွင် ပျက်စီးခဲ့သော စပါးစိုက်ခင်းများအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးခြင်း၊ မျိုးစပါးများ လုံလောက်စွာ ဖြန့်ဖြူးပေးခြင်းနှင့် သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာ၊ လောင်စာဆီ အစရှိသည်တို့နှင့်ပတ်သက်၍ ယခုအချိန်ထိ ကူညီထောက်ပံ့မှုများ မရရှိသေးကြောင်း စပါးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပဲခူးတိုင်းအရှေ့ခြမ်း ရေကြီးနစ်မြုပ်မှုအပေါ် အလှူငွေ ကျပ်သိန်း ၄၀၀ လှူဒါန်းထားပြီး ပြန်လည်ထူထောင်ရေးအတွက် တောင်သူများ ကို ကျပ်သိန်း ၅၀၀ ခန့် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
သို့သော် လက်ရှိအချိန်ထိ လယ်သမားများထံသို့ မည်သည့်ကူညီထောက်ပံ့မှုမျိုးမှ ရောက်ခြင်းမရှိသေးကြောင်း ပဲခူးတိုင်းအတွင်းရှိ လယ်သမားများထံမှ သိရသည်။
“ အခုထိ ဘာအထောက်အပံ့မှ မရသေးဘူး။ ပဲခူးတိုင်းဝန်ကြီးချုပ်က မိုးစပါးစိုက်ဧကတွေအတွက် ထိခိုက်ပျက်စီးမှုအနည်းဆုံးနဲ့ ရိတ်သိမ်းနိုင်ဖို့ စက်မှုလယ်ယာဦးစီးဌာနကနေ စပါးရိတ်သိမ်း ခြွေလှေ့စက်တွေကို ချက်ခြင်းရောက်ရှိနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်လို့ ပြောထားတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ ဘာမှမရဘူး။” ဟု ပဲခူးတိုင်း ဒေသကြီး၊ သနပ်ပင်မြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
ပဲခူးတိုင်းတွင် စံချိန်တင်ရေနစ်မြုမှုကြောင့် လယ်ဧက ၇၅ ရာခိုင်နှုန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လက်ရှိတွင် ကုန်သည်ကြီးများမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံ ချက်ဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးသွားသော လယ်သမားများအား မျိုးစပါးများကို စပါးပေါ် အကြွေးစနစ်နှင့် ချပေးခြင်းများရှိသော်လည်း တခြားအကူအညီများကို လယ် သမားများ မရရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ – စုစု
ပဲခူးတိုင်း ရေကြီးနစ်မြုပ်မှုတွင် ပျက်စီးခဲ့သော စပါးစိုက်ခင်းများအတွက် ထောက်ပံ့မှုများမရရှိသေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်