ပဲခူးတိုင်း၌ ရေကြီးနေ၍ ရန်ကုန်-မန္တလေးနှင့် ပဲခူး-မော်လမြိုင် ရထားခရီးစဉ်များ ခေတ္တရပ်နားမည်

ရန်ကုန်၊ အောက်တိုဘာ ၉

ပဲခူးတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းပိုင်းများ ရေကျော်နေ၍ ရန်ကုန်-မန္တလေးနှင့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်း လူစီးရထား ခရီးစဉ်များအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၈ ရက်၊ နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာကာ ဇောင်းတူဆည်နှင့် ကဒူကွင်းဆည်တို့၏ ရေပိုလွှဲ ရေကျော် စီးဆင်းမှုများကြောင့် ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်နေ၍ ပဲခူးမြို့နယ်၊ ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား မိုင်တိုင်အမှတ် (၅၀/၃-၇)ရထားလမ်း အလျားပေ ၅၀၀ ခန့်၌ သံလမ်းအပေါ် ၁၈ လက်မခန့် ရေ ကျော်နေပြီး ရထားများဖြတ်သန်းသွားလာ၍မရသဖြင့် ခေတ္တရပ်နားထားရကြောင်း သိရသည်။

“ ရထားလမ်းက ရေပြင်ကြီးဖြစ်နေလို့၊ မနေ့ထဲက ရထားသွားမရဘူးလေ။ ဒီမနက်လည်း ရေကမကျသေးဘူး။” ဟု ပဲခူးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ရေကြီးရေလျှံမှုကြောင့် အောက်တိုဘာ ၈ ရက်က မန္တလေးမှထွက်ခွာသည့် အ မှတ်(၄)အစုန် လူစီးအမြန်ရထားသည် ပျဉ်ပုံကြီးဘူတာ၌ နံနက်(၈)နာရီတွင် လည်းကောင်း၊ ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မော်လမြိုင်မှထွက်ခွာလာသော အမှတ်(၈၂)အစုန် လူစီးအမြန်ရထားသည် ဝေါဘူတာ၌ မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း ရောက်ရှိနေခဲ့ပြီး ဆက်လက်ထွက် ခွာရန် အခက်အခဲများရှိခဲ့ကြောင်း သိရသည်။

“ ရထားလမ်းရေကျော်နေတာက ကြာလာတော့ ပျဥ်ပုံကြီးဘူတာမှာရှိနေတဲ့ ခရီးသည် ၃၀၀ ဝန်းကျင်အတွက် နေ့လည်စာထမင်းဘူးနဲ့ ရေတွေ စီစဥ်ပေးရတယ်၊ နောက်ပြီး ရန်ကုန် ကိုသွားမယ့် ပျဥ်ပုံကြီးဘူတာက ခရီးသည် ၂၂၅ ဦးကိုလည်း ပဲခူးတိုင်းအစိုးရရဲ့ အစီအစဥ်နဲ့ ရန်ကုန်ဘူတာကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။” ဟု မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယမန်နေ့က ရေကြီးမှုအခြေအနေ ဆိုးရွားလာသဖြင့် ပဲခူးတိုင်းအတွင်း ဆိုက်ကပ်ရပ်နားလာသည့် အမှတ် ၄ အစုန် အမြန်ရထား၊ အမှတ် ၈၂ အစုန် အမြန်ရထားတို့မှ ခရီးသည် ၇၉၅ ဦးတို့ကို မော်တော်ယာဥ် ၁၅ စီးဖြင့် ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာ့မီးရထားမှ အောက်တိုဘာ ၈ ရက်၊ ညနေပိုင်းတွင် ရန်ကုန်နှင့် မန္တလေးတို့မှ စတင်ထွက်ခွာမည့် ခရီးစဉ်များကို ဖျက်သိမ်းလိုက်ရပြီး ရထားလမ်းပိုင်းများ ရေပြန် လည်ကျဆင်းသွားချိန်၌ လမ်း၏ကြံ့ခိုင်မှုအခြေအနေနှင့် မွမ်းမံပြင်ဆင်မှုများ လုပ်ဆောင်ပြီးမှသာ ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရတားမှ သိရသည်။

ဂျူဂျူး

#ယနေ့ခေတ်

ပုံစာ – ပဲခူးရေကြီးမှုတွင် ယနေ့ နံနက်ပိုင်းရထားသံလမ်းရေကျော်နေမှုအားတွေ့ရစဥ်

ပဲခူးတိုင်း၌ ရေကြီးနေ၍ ရန်ကုန်-မန္တလေးနှင့် ပဲခူး-မော်လမြိုင် ရထားခရီးစဉ်များ ခေတ္တရပ်နားမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.