ရန်ကုန်၊ စက်တင်ဘာ ၂၇
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့ရှိ လျှပ်စစ်တာဝါတိုင်အချို့ ယမန်နေ့ ညက မိုင်းထောင်ဖောက်ခွဲ ဖျက်စီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ည ၁၁ နာရီကျော်က ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာထိပ်ရှိ မဟာဓါတ်အားလိုင်း၏တာဝါတိုင် မိုင်းထောင်ဖောက်ခွဲ ဖျက်စီးခံခဲရပြီး တာဝါတိုင်အနီးရှိ နေအိမ် တွင်နေထိုင်သူ ကလေးငယ်တစ်ဦးလည်း မိုင်းစထိမှန် ဒဏ်ရာရရှိကြောင်း ကနဦးသတင်းများအရ သိရသည်။
အလားတူ ယမန်နေ့ည ၁၁ နာရီခွဲက ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်း ကျေးရွာအုပ်စု၊ ခိုလိုကျေးရွာနှင့် ကျောက်တံခါးမြို့အကြားရှိ တောင်ငူ-သာယာကုန်း၊ အမှတ်(၂) မဟာ ဓါတ်အားလိုင်းရှိ တိုင်အမှတ် ၂၄၄ မှာ မိုင်းထောင်ဖောက်ခွဲခံရပြီး ဓါတ်အားတိုင်မှာ တောင်ဘက်သို့ ၁၀ ဒီဂရီ တိမ်းစောင်းသွာခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ ည ၉ နာရီခွဲက ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ပဲနွယ်ကုန်း-ကျောက်ကြီး 33KV ဓါတ်အားလိုင်းတိုင်များကို မိုင်းထောင်ဖောက်ခွဲခံရ၍ လျှပ်စစ်ဓါတ်တိုင် ရှစ်ပေပတ်လည် ၄ တိုင်စင်(၂) ခုမှ အောက်ခြေတိုင်(၂) ချောင်းနှင့် လေးပေပတ်လည် ၃ တိုင်စင် (၁)ခုမှ အောက်ခြေတိုင်(၁)ချောင်းတို့ ပျက်စီးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
ယမန်နေ့ ညက ပဲခူးတိုင်းအတွင်းရှိ ဓါတ်အားတိုင်များ ဖျက်စီးခဲ့ရချိန်တွင် ရန်ကုန်ရှိ မြို့နယ်အများအပြားတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများဖြစ်ပေါ် ခဲ့သည်ဟု ရန်ကုန်မြို့ခံ များက ပြောသည်။
“ ည ၁၁ နာရီကျော်လောက် မီးက ဖြတ်ဖြတ်ဆိုဖြစ်သွားပြီး မီးပြတ်သွားတာ မနက် ၄ နာရီလောက်မှ မီးပြန်လာတယ်။ တစ်ညလုံးလည်း ပူအိုက်လို့ ယက်တောင်ခတ်နေရတယ်။” ဟု ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခု၏ လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပဲခူးတိုင်းအတွင်းရှိ ဓါတ်အားတိုင်များ ယမန်နေ့ညက ဖျက်စီးခံခဲ့ရ၍ ယခင်ရက်များကထက် ယနေ့တွင် ဝန်အားရရှိမှု လျော့နည်းနေပြီး မြို့နယ်အများအပြားတွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်နိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ယမန်နေ့ ညက ပဲခူးတိုင်းအတွင်းရှိ အထက်ပါ လျှပ်စစ်တာဝါတိုင်များ ဖျက်စီးခံရမှုအပြင် အခြားနေရာများတွင်လည်း ဖျက်စီးခံရမှုများရှိနိုင်ကြောင်း ဒေသခံများ၏ ပြောဆိုမှုများရှိ သော်လည်း ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။
လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုပမာဏ လျော့နည်းနေ၍ ရန်ကုန်မြို့ရှိ မြို့နယ်အများအပြားတွင် တစ်နေ့လျှင် လျှပ်စစ်မီး ၈ နာရီထက်မနည်း ပြတ်တောက်မည်ဟု ယနေ့ခေတ်၏မေး မြန်းမှုအား လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ဖြေကြားထားပြီးနောက် လျှပ်စစ်တာဝါတိုင်များ ဖျက်စီးခံရ၍ မီးပြတ်တောက်မှု ပိုမိုများပြားလာမည်ကို စိုးရိမ် မှုများရှိနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ပုံစာ- ယမန်နေ့ ညက ဖျက်စီးခံရသည့် လျှပ်စစ်တာဝါတိုင်အချို့အား တွေ့ရစဉ်
ပဲခူးတိုင်းအတွင်းရှိ လျှပ်စစ်တာဝါတိုင်အချို့ ယမန်နေ့ညက ဖျက်စီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်