ပဲခူးတိုင်းရှိ အခြေခံပညာကျောင်း နှစ်ရာကျော်ပြန်ဖွင့်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေကြီးရေလျှံမှုကြောင့် ပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀၁ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။

ရေနစ်မြုပ်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၂၆၈ ကျောင်း ပိတ်ထားရခြင်းဖြစ်ပြီး၊ ရေများစွာမဝင်သည့် ကျောင်းတချို့မှာ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

“ အခုလောလောဆယ် ရေကျသွားတဲ့ စာသင်ကျောင်းတချို့ကို သန့်ရှင်းရေးလုပ်နေကြတယ်။ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့အတွက်ပေါ့။ မီးသတ်အပါအဝင်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့တွေ၊ ရပ်ကွက်ထဲက လုပ်အားပေးတဲ့သူတွေနဲ့ ပြန်ပြီးသန့်ရှင်းရေးလုပ်နေကြတာ။” ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ကျောင်းများပြန်ဖွင့်မည်ဆိုသော်လည်း ကျောင်းအများစုမှာ လက်ရှိအချိန်အထိ သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်ချက်များစွာရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပဲခူးမြို့ရှိ အထက (၃) ကျောင်းမှာ လာမည့်အောက်တိုဘာ ၁၆ ရက်တွင် ကျောင်းပြန်ဖွင့်မည်ဖြစ်ကာ အောက်တိုဘာ ၁၇ ရက်တွင် စာမေးပွဲစစ်မည်ဟု ကြေ ညာထားသဖြင့် ကျောင်းသားမိဘများနှင့် လူထုအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

“ လူတွေက အဲ့လောက်ဒုက္ခရောက်နေတာကိုတောင် ကျောင်းဖွင့်ဖို့က အဲ့လောက်အရေးကြီးနေတာလား။ ဘယ်သူမှလည်း စာကျက်ဖို့ခေါင်းထဲမရှိဘူး။ ရေကြီး‌တော့လည်း ပြေးရ လွှားရနဲ့ ရေကျပြန်တော့လည်း တစ်အိမ်လုံးသန့်ရှင်းရေးလုပ်ရတာနဲ့ တချို့ဆို ခုထိရေ‌လဲမကျသေးသလို မီးလဲမလာသေးဘူး။” ဟု ပဲခူးမြို့ခံတစ်ဦးက ဝေဖန်ပြောကြားသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ပဲခူးမြို့ခံများအပါအဝင် အနီးပတ်ဝန်းကျင်ရွာများမှ ဒေသခံသောင်းနှင့်ချီ ရေဘေးသင့်ခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်း ဆယ်နှင့်ချီဖွင့်လှစ် ကူ ညီနေရခြင်းဖြစ်ပြီး၊ ရေပြန်လည်ကျသွားသည့် ရပ်ကွက်အချို့တွင် ကယ်ဆယ်ရေးစခန်းများ ပိတ်လိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

သို့သော် ယနေ့နံနက်အထိ ပဲခူးမြို့ပေါ်ရှိ ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက်ကြီးစု၊ မြို့သစ်၊ ဂေါင်းဆေးကျွန်း၊ စက်ပိုင်း၊ ရေကျော်၊ မုန်တိုင်းရွာ၊ ကျော်တွင်းကုန်း စသည့်ရပ်ကွက်များတွင် ရေနစ်မြုပ်နေသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သတင်း၊ ဓာတ်ပုံ – စုစု

#ယနေ့ခေတ်

ပဲခူးတိုင်းရှိ အခြေခံပညာကျောင်း နှစ်ရာကျော်ပြန်ဖွင့်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.