ရန်ကုန်၊ နိုဝင်ဘာ ၂၉
ပဲခူးတိုင်းတွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၂၅ ဦးအထိသေဆုံးခဲ့ပြီး၊ ၂၀ နီးပါဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း ပဲခူးတိုင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်ကာ အသက် ၇ နှစ်မှ ၉ အရွယ် ကလေးငယ်ငါးဦးအပါ လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ခိုက်ဒဏ်ရာရသူ ၂၀ နီးပါးအထိရှိခဲ့သည်ဟု ပဲခူးတိုင်းအခြေပြု ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မြေပြင်မှာ အခုထက်လည်း ပိုများနိုင်တယ်။ တိုက်ပွဲမရှိလဲ လက်နက်ကြီးတွေကျတာရှိခဲ့တာ။ အခုနောက်ပိုင်းဆို လူအများစုနေထိုင်တဲ့ ရွာတွေထဲအထိ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာတွေ ရှိလာတယ်။ လူတွေအများအပြားသေဆုံးနိုင်တဲ့ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်နေတာတွေ ရပ်စေချင်တယ်။” ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလတစ်လအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရခြင်းများရှိခဲ့သည့်အပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး လူနေအိမ်အလုံး ၅၀ ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးကျတဲ့အချိန် ယာထဲရောက်နေလို့ လူတွေဘာမှမဖြစ်တာ။ အိမ်ကတော့ တော်တော်လေးပျက်စီးခဲ့တာ။ ကိုယ့်ဒေသမှာ အရင်ကဒါမျိုးတွေမဖြစ်ဖူးပါဘူး။ အခုတော့ တစ်ရက်လေးမှ စိတ်ချမ်းချမ်းသာသာမနေရဘူး။ လူနေထူထပ်တဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်မှာ၊ အခုလို လက်နက်ကြီးတွေကျတာတွေ ဖြစ်မှာကြောက်တယ်။” ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် ဖြစ်စဉ်များသည် ပဲခူးတိုင်းတွင် မုန်း၊ ပေါက်ခေါင်း၊ ညောင်လေးပင်၊ လက်ပံတန်း၊ ကျောက်ကြီး၊ ဝေါ၊ ပေါက် စသည့်မြို့နယ်များတွင် အများဆုံး ဖြစ်ပွားခဲ့သည်ဟု သိရသည်။
#ခန့်ခန့်
ဓာတ်ပုံ -CJ
#ယနေ့ခေတ်
ပဲခူးတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၂၅ အထိ သေဆုံးခဲ့ပြီး ၂၀ နီးပါးဒဏ်ရာရရှိခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်