ရန်ကုန်၊ အောက်တိုဘာ ၉
ပဲခူးတစ်မြို့လုံး ရေနစ်မြှုပ်နေဆဲဖြစ်ကာ လူထောင်ချီ ရေဘေးဒုက္ခကြုံတွေ့နေရသည်ဟု ဒေသခံများနှင့် ကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။
နှစ်ပေါင်း ၆၀ နီးပါးအတွင်း စံချိန်တင်မိုးရွာသွန်းမှုနှင့် ပဲခူးမြစ်ရေ မြင့်တက်နေမှုကြောင့် ယမန်နေ့မှစ၍ ပဲခူးမြို့နှင့် အနီးတဝိုက်ဒေသများတွင် ရေနစ်မြုပ်ခဲ့ပြီး ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင်လည်း ရေနစ်မြှုပ်နေဆဲဖြစ်ကြောင်း သိရသည်။
“ ဆိုးဆိုးရွားရွား ရေကြီးမှုကိုခံစားနေရတာ။ မနေ့ညက အိမ်အောက်ထပ်တစ်ခုလုံးလည်း ရေမြုပ်နေတယ်။ ဒီမနက်လည်း ရေပြန်မကျသေးဘူး။” ဟု ပဲခူးမြို့ ခံတစ်ဦးက ယနေ့ ခေတ်သို့ ပြောသည်။
ပဲခူးမြို့ရှိ ဇိုင်းဂနိုင်း(တောင်)၊ ဇိုင်းဂနိုင်း(မြောက်)၊ ကျွန်းသာယာ၊ မဇင်း၊ ပုဏ္ဏားစု၊ ကျောက်ကြီးစု၊ ဥဿာရပ်ကွက်တို့အပြင် ပဲခူးမြို့အနီးရှိ ဘုရားကြီးမြို့နှင့် အနီးရှိ ကျေးရွာများ တွင်ပါ ယနေ့နံနက်ပိုင်းအထိ ရေနစ်မြှုပ်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေးစက်လှေများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒေသခံ လူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူက ပြောသည်။
“ အခြေအနေက ဆိုးတယ်။ မြို့ထဲအနိမ့်ပိုင်းတွေ ရေဝင်နေတုန်းပဲ။ အဓိက လိုအပ်နေတာ စက်လှေတွေပါ။ ရေကြီးတော့ လှေတွေက အနိမ့်ပိုင်းတွေဆင်းရတာ တော်တော်ဒုက္ခ ရောက်တယ်။” ဟု ပဲခူးမြို့ခံ သာမဏေကျော် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်ရှိ၌ ဘုန်းတော်ကြီးကျောင်းများ အပါအဝင် ကုန်းမြင့်နေရာများတွင် ကယ်ဆယ်ရေးစခန်းများ ယာယီဖွင့်လှစ်ထားကာ လူထောင်ချီ ရေဘေးတိမ်းရှောင်နေရပြီး ရေဘေးသင့်သူ များအတွက် စားသောက်ရေးလိုအပ်ချက်များ ရှိနေကြောင်း ကူညီရေးအဖွဲ့များက ပြောသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ယနေ့နံနက် ၉ နာရီ အချိန်၌ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များအား ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ရေယာဉ်/ စက်ကိရိယာများ၊ ရေပြင်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးဝတ်စုံပစ္စည်းကိရိယာများဖြင့် ပဲခူးသို့စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မိုး/ဇလ၏ ယနေ့နံနက် အစောပိုင်းအချိန် ထုတ်ပြန်ချက်တွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်သတ်မှတ်ချက် ၈၈၀ စင်တီမီထက် ၈၄ စင်တီမီတာ မြင့်တက်နေကာ ယနေ့ညနေအထိ ပဲခူးတိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။
ယခု မိုးရာသီအတွင်း ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးမြို့တွင် ရေကြီးရေလျှံမှု လေးကြိမ်ဖြစ်ပွါးခဲ့ပြီး ယခုအကြိမ်မှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်ကြောင်း မြို့ခံများက ပြောသည်။
မောင်ဇော်
ဓာတ်ပုံ – ဒေသခံများ
ပုံစာ- ယမန်နေ့ညနှင့် ယနေ့နံနက်တွင် ပဲခူးမြို့၌ ရေကြီးရေလျှံမှုဆက်လက်ဖြစ် ပွားနေစဉ်
ပဲခူးတစ်မြို့လုံး ရေမြုပ်နေဆဲဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်