ပေါင်မြို့နယ်တွင် မွန်ညီညွတ်ရေးပါတီ မြို့နယ်ဥက္ကဌ ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်၊ ဧပြီ ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သပြုချောင်ကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ ပေါင်မြို့နယ်ဥက္ကဌဖြစ်သူ နိုင်ဘထောက်မှာ ယနေ့နံနက်ပိုင်းက ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက် ၆ နာရီခွဲက ပေါင်မြို့နယ်၊ သပြုချောင်ကျေးရွာရှိ နေအိမ်တွင် အသက် ၇၈ နှစ်အရွယ်ရှိ မွန်ညီညွတ်ရေးပါတီ၏ ပေါင်မြို့နယ်ဥက္ကဌဖြစ်သူ နိုင်ဘထောက်မှာ နေအိမ်လှေကားအဆင်းတွင် ဆွမ်းလောင်းရန်ဆောင်ရွက်နေစဉ် အမည်မသိလူငယ်တစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ နေရာမှာပင်သေဆုံးခဲ့ကြောင်း သိရသည်။

“ သူက နေအိမ်ရှေ့လှေကားအဆင်းမှာ ဆွမ်းလောင်းဖို့လုပ်နေတုန်း မွန်ပုဆိုးနဲ့ အင်္ကျီအနက်ရောင်ဝတ်ထားတဲ့ လူငယ်တစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့သုံးချက်ပစ်သွားတာ။ နေရာမှာ ပွဲချင်းပြီးပဲ။ ဘာ့ကြောင့်ပစ်တယ်ဆိုတာတော့ မသိရသေးဘူး။ နိုင်ဘထောက်ရဲ့သားက အဲ့ဒီရွာရဲ့ လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ငွေထွန်းဆိုတော့ အဲ့တာတွေနဲ့ဆက်စပ်ပြီး ပစ်တာလို့တော့ ယူဆရတာပေါ့။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ပစ်ခတ်ခံရ၍ နိုင်ဘထောက်တွင် ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာသုံးချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ် ၂၆ ရက်ကလည်း ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ၏ မြို့နယ်ဥက္ကဌဖြစ်သူ ဦးမျိုးမြင့်အောင်မှာ ၎င်း၏စျေးဆိုင်ခန်းအတွင်းရှိနေစဉ် အမည်မသိသူများရောက်ရှိလာပြီး အသင့်ယူဆောင်လာသောသေနတ်ဖြင့် ၁၁ ချက်ခန့်ပစ်ခတ်ခဲ့၍ နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။

#မောင်ဇော်

Photo – SBM

#ယနေ့ခေတ်

ပေါင်မြို့နယ်တွင် မွန်ညီညွတ်ရေးပါတီ မြို့နယ်ဥက္ကဌ ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.