ပေါက်တောမြို့၌ လေကြောင်းတိုက်ခိုက်ခံရ၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ယနေ့နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံအများအပြား နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေကြောင်း စုံစမ်းသိရသည်။

ယနေ့နံနက် ၉ နာရီကျော်အချိန်က ပေါက်တောမြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး မြို့နယ်ရဲစခန်းအနီး၌ ပစ်ခတ်မှုများ ပြင်းထန်ကြောင်း သိရသည်။

“ လေယာဉ်သုံးစင်းနဲ့ သုံးကြိမ်ပစ်တာ။ ပစ်ခတ်တာတွေက တော်တော်ပြင်းထန်တော့ အကုန်ထွက်ပြေးနေရတယ်။ ဘယ်နေရာကိုထိလည်းတော့ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ ကြားတယ်။” ဟု ဒေသခံများနှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယနေ့ နေ့လည်အထိ လေကြောင်းတိုက်ခိုက်မှုများရှိနေ၍ ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကာ နေအိမ်များအတွင်း ပိတ်မိနေသူများလည်း ရှိကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းက AA အဖွဲ့က ပေါက်တောမြို့မရဲစခန်းရှိ တာဝန်ရှိသူများထံ ဖုန်းဆက်ကာ လက်နက်ချရန် ပြောကြားကြောင်း၊ ရဲတပ်ဖွဲ့ဝင်အချို့က လက်နက်ချခဲ့သော်လည်း အချို့မှာ လက်နက်ချရန် ငြင်းဆန်သောကြောင့်၊ ည ၁၀ နာရီကျော်တွင် AA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ရဲစခန်းအား ဝင်ရောက်သိမ်းပိုက်ခဲ့သောကြောင့် ယနေ့ နံနက် ၉ နာရီတွင် လေယာဉ်သုံးစီးက စက်သေနတ်များဖြင့် ရဲစခန်းကို ပစ်ခတ်ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားသည်။ ထို့ပြင် ကုလားတန်မြစ်အတွင်းရှိ စစ်ရေယာဉ်မှလည်း ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

ယနေ့ နေ့လည်အထိ ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကာ တိုက်ပွဲများဆက်လက် ပြင်းထန်လာမည်ကို စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။ အလားတူ မောင်တောမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ယနေ့နေ့လည်၌ ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

#မောင်ဇော်#ဂျူဂျူး

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ပေါက်တောမြို့၌ လေကြောင်းတိုက်ခိုက်ခံရ၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.