ပေါက်တောမြို့၌ စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ခန့်ရှိလာပြီး၊ စာနပ်ရိက္ခာများပြတ်လပ်လာ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ် (စစ်တွေခရိုင်) ပေါက်တောမြို့နယ်တွင် နစကတပ်နှင့် AA ရခိုင့်တပ်တော်တို့ နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသအတွင်းရှိ ကျေးရွာအချို့အပါအဝင် စစ်ဘေးရှောင် လူဦးရေ ၃၀,၀၀၀ ခန့်ရှိလာကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည့် ပေါက်တောမြို့နယ်တွင် ယနေ့အချိန်ထိ ဒေသတွင်း စစ်ဘေးရှောင် ၃၀,၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

“ စစ်ရှောင်နေရတာ ပေါက်တစ်ခုလုံးဆိုရင်တော့ ၁၅,၀၀၀ လောက်ရှိပါတယ်။ အနီးနားကကျေးရွာတွေပါ ပါမယ်ဆိုရင် ၃၀,၀၀၀ လောက်ရှိတယ်။ တစ်မြို့လုံးနီးပါး မီးလောင်သွား ပါပြီ။ စစ်ဘေးရှောင်းရင်းနဲ့ သေတဲ့သူတွေလည်းရှိပါတယ်။ စာရင်ကတော့ အတိအကျမသိရသေးပါဘူး။ တိုက်ပွဲက ဒီနေ့လည်းဆက်ဖြစ်နေတုန်ပဲ။” ဟု ဒေသခံတစ်ဦးက ယနေ့ ခေတ်သို့ ပြောသည်။

ထို့အပြင် ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသခံစစ်ဘေးရှောင်များ စာနပ်ရိက္ခာများပြတ်လပ်လာ၍ အခက်အခဲများရှိလာကြောင်း ‌ဒေသအတွင်းကူညီပေးနေသည့် ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ အခုဆိုရင် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံတကာ NGO အဖွဲ့တွေက ကူညီမှုလည်းမရှိတော့ ကျွန်တော်တို့လို အရပ်ဖက်ပရဟိတအဖွဲ့တွေက နိုင်သလောက်တော့ ကူညီပေးပါတယ်။ နိုင်ငံခြားရောက် ရခိုင်သူ၊ ရခိုင်သားတွေကတော့ တက်နိုင်သလောက် ကူညီပေးပါတယ်။ အခုဆို ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေပါ ပြတ်နေတော့ အဆက်အသွယ်လုပ်ဖို့က လည်း အဆင်မပြေပါဘူး။ လိုင်းရတဲ့နေရကိုသွားပြီး ပြောနေရတာပေါ့။” ဟု ဒေသအတွင်းကူညီပေးနေသည့် ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ပေါက်တောမြို့နယ်အတွင်း ကျေးရွာ ၂၁ ရွာမှ စစ်ဘေးရှောင်နေရသည့် လူဦးရေ ၃၀,၀၀၀ ခန့်ရှိပြီး၊ စာနပ်ရိပ်က္ခာအဆင်မမှုများရှိလာကြောင်း သိရ သည်။

ရခိုင်ပြည်နယ်အတွင်း၌ နိုဝင်ဘာ ၁၃ ရက်မှစ၍ နစကတပ်များနှင့် AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့အကြား တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ တိုက်ပွဲများကြောင့် ယခုရက်ပိုင်းအထိ ဒေသခံထောင်သောင်းချီ၍ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရပ်စွန့်ခွာသူဦးရေ ၆၆၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

အရပ်ရပ်တိုက်ပါဲများကြောင့် နိုင်ငံအနှံ့ နေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၆ သန်းကျော်ရှိလာပြီဖြစ်ကြောင်း UNOCHA မှ ဇနဝါရီ ၈ ရက်နေ့က ထုတ်ပြန်ထားကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-ပေါက်တော စစ်ဖီးဒုက္ခသည်ကူ​ရေးကွန်ရက်

ယနေ့ခေတ်

ပေါက်တောမြို့၌ စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ခန့်ရှိလာပြီး၊ စာနပ်ရိက္ခာများပြတ်လပ်လာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.