ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်များ အခက်အခဲမျိုးစုံကြုံတွေ့နေရ ဟုဆို

ရန်ကုန်၊ မေ ၂၅

ရခိုင်ပြည်နယ်(စစ်တွေခရိုင်) ပေါက်တောမြို့နယ်တွင် နစကတပ်နှင့် AA ရခိုင်တပ်တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဒေသအတွင်းရှိ စစ်ဘေးရှောင်လူဦးရေ ၄၀,၀၀၀ ကျော်ခန့် အခက်အခဲမျိုးစုံကြုံတွေ့နေရကြောင်း သိရသည်။

အောက်တိုဘာလမှစ၍ ပေါက်တောမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဒေသအတွင်းစစ်ဘေးရှောင် ၄၀,၀၀၀ ကျော်ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေပြီး၊ အခက်အခဲများမျိုးစုံကြုံတွေ့နေရကြောင်း ဒေသအတွင်း စစ်ဘေးရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ ကျွန်မတို့စစ်ရှောင်နေရတာ ရှစ်လလောက်ရှိပြီ။ ပေါက်တောမြို့နယ်၊ သံချောင်ကျေးရွာမှာနေတာ။ စစ်ရှောင်တာတော့ ဘုန်းကြီးကျောင်းမှာ။ ဘုန်းကြီးကျောင်းမှာဆို စစ်ဘေရှောင် ၃၀၀ ကျော်ရှိတယ်။ တစ်မြို့လုံးဆို ၄၀,၀၀၀ ကျော်လောက်တော့ရှိမယ်။ တိုက်ပွဲတွေဖြစ်တော့ ကျွန်မတို့အိမ်တွေလည်း ပါသွားတယ်။ အခု ဘုန်းကြီးကျောင်မှာနေပြီး တစ်နေ့ကို လုပ်အားခတစ်သောင်းနဲ့စားနေရတာ အဆင်မပြေဘူး။ မိုးတွင်းဆိုတော့ ပိုဆိုးတာပေါ့။ ကျွန်မတို့က မိသားစုရှစ်ယောက်ရှိတယ်။ ဒီမှာက ကုန်ဈေးနှုန်းတွေက တအားကြီးဆိုတော့ ရတာနဲ့လည်း မလောက်ဘူး။ ကလေးနှစ်ယောက်ကလည်း ကျောင်းတက်ဖို့အဆင်မပြေ။ ကျောင်းတွေကပိတ်ထားတော့။ ဒီမှာရှိတဲ့ကျောင်းဆရာမတွေက ကလေးတွေကို တစ်ယောက်တစ်ထောင်ကျပ်နဲ့ သင်ပေးတာရှိတယ်။ အဲ့မှာပဲထားထားတယ်။ ငါးတန်းတစ်ယောက်၊ ခြောက်တန်းတစ်ယောက်။ အခက်အခဲတွေကတော့ တစ်ယောက်တစ်မျိုးနဲ့၊ မျိုးစုံပါပဲ။” ဟု ဒေသအတွင်း စစ်ဘေးရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပေါက်တောမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီးနောက် ခုနှစ်လအတွင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက စားဝတ်နေရေးများ အခက်အခဲ့ရှိနေကြောင်း ယနေ့ခေတ်သို့ ပြောသည်။

“ကျွန်တော်တို့ စစ်ရှောင်နေရတာ ခုနှစ်လတောင်ရှိနေပြီ။ အခုချိန်ထိ အိမ်လည်းမပြန်နိုင်ဘူး။ ဘယ်လိုမှမပြန်နိုင်သေးဘူး။ သူတို့က လာလာပြီးပစ်နေတာ။ လက်နက်ကြီးတွေနဲ့၊ ဒုန်းတွေနဲ့။ အန္တရာယ်ကတော့မကင်းဘူး။ ကျွန်တော်ကတော့မကြောက်တော့ပါဘူး။ အန္တရာယ်ထက် ဝမ်းရေးကိုဦးစားပေးဖြေရှင်းနေရတယ်။ ရေရှားပါးမှုကလည်းရှိတယ်။ ကျွန်တော့်မိသားစုက ရှစ်ယောက်။ ပြေးတုန်းက အဝတ်အစားအပိုမပါဘူးလေ။ ကျွန်တော်ကကူညီနေသူဆိုတော့ ကျွန်တော်တို့ထက် အဆင်မပြေသူတွေကို ပိုကူညီရတာပေါ့။ ကျွန်တော့်သူ ငယ်ချင်းတွေရှိတဲ့ နိုင်ငံခြားကသူတို့ဆီကနေ အလှူခံရတာပေါ့။ ပေါက်တောတစ်မြို့လုံးဆို ၃၀,၀၀၀ ကျော်ရှိတယ်။ အခုဆိုရင် စစ်တွေကဘက်ကနေရှောင်လာတဲ့ စစ်ဘေးရှောင်နဲ့ဆို အခုက ၄၀,၀၀၀‌ ကျော်လောက်တော့ရှိပြီပေါ့။ အခု ဆိုမိုးတွင်းကာလကို ဖြတ်ကျော်ရတော့မှာဆိုတော့ စားဝတ်နေရေးတွေက ပိုခက်ခဲလာတာပေါ့ဗျာ။ နွေရာသီဆို ရှာဖွေရတာ အကြောင်းမဟုတ်ဘူး။ နေပူတာမှ စားဖို့ရှာလို့ရသေးတယ်။ အခုက ပိုခက်ခဲတာပေါ့။ ကျွန်တော်တို့ကို ကူညီနိုင်မယ့်သူတွေရှိရင် ပြောပေးပါဦး။” ဟု ဒေသအတွင်း စစ်ဘေးရှောင်များကူညီနေသူ Save Pauk Taw အဖွဲ့မှ ဦးဆောင်သူ ကိုမင်းသူရိက ယနေ့ခေတ်သို့ ပြောသည်။

မေလ ၅ ရက်နေ့ကလည်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ရှောင်များ ယာယီနေထိုင်သည့် စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး၊ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများကြောင့် ဘူးသီတောင်မြို့နယ်တွင် ဒေသခံ ၅၀,၀၀၀ ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် လူဦးရေစုစုပေါင်း ၁၈၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း OCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-ပေါက်တော(ပုံဟောင်း)

ယနေ့ခေတ်

ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်များ အခက်အခဲမျိုးစုံကြုံတွေ့နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.