ကိဗ်၊ ဇွန် ၃
ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရေးသည် လက်ရှိအချိန်တွင် မဖြစ်နိုင်သေးကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဗြိတိန်အခြေစိုက် ဂါဒီးယမ်းသတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ရုရှားနှင့် ယူကရိန်းကြားဖြစ်ပွားနေသည့် စစ်ပွဲသည် နှစ်နှစ်ကျော်ကြာခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမျိုးမရှိသေးဘဲ တိုက်ခိုက်နေဆဲဖြစ်သည်။
ရုရှားနိုင်ငံတွင် ပူတင်သမ္မတအဖြစ် ဆက်ရှိနေသည့်ကာလပတ်လုံး ရုရှားနှင့်ယူကရိန်းကြား အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးနိုင်ရန် မဖြစ်နိုင်သေးကြောင်း ယူကရိန်းသမ္မတက ပြောသည်။
ယူကရိန်းသမ္မတက ရုရှားနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်းသည် ထောင်ချောက်တစ်ခုဖြစ်လာဖွယ်ရှိနေပြီး လက်ရှိအချိန်တွင် ဆွတ်ဇာလန်နိုင်ငံတွင်ကျင်းပမည့် ယူကရိန်းငြိမ်း ချမ်းရေးထိပ်သီးအစည်းအဝေးကို ဦးစားပေးအာရုံစိုက်နေကြောင်း ပြောသည်။
ဇွန်လအတွင်းကျင်းပမည့် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန် ရုရှားအစိုးရကို ဖိတ်ကြားခြင်းမရှိသည့်အတွက် အငြင်းပွားမှုများရှိနေကြောင်း သိရသည်။
ယူကရိန်းသမ္မတက ရုရှားနိုင်ငံသည် အဆိုပါထိပ်သီးအစည်းအဝေးကို ကိုယ်ကျိုးရှာလိုမှုအတွက် အသုံးချမှာစိုးရိမ်သောကြောင့် ဖယ်ချန်ထားခြင်းဖြစ်ကြောင်း ပြောသည်။
ယူကရိန်းသမ္မတက “ ပူတင်ဟာ အလွန်အန္တရာယ်ရှိတဲ့သူဖြစ်တယ်။ စိုးရိမ်ကြောက်ရွံ့စရာကောင်းတဲ့သူဖြစ်တယ်။ ရုရှားရဲ့ရန်လိုမှုတွေ အဆုံးသတ်ဖို့ဆိုရင် တိုက်ပွဲတွေမှာ ပိုမိုစွမ်း ရည်ကောင်းအောင်လုပ်ပြဖို့ လိုအပ်တယ်။” ဟု ပြောသည်။
သို့သော်လည်း ရုရှားအစိုးရက ဆွတ်ဇာလန်တွင်ကျင်းပမည့် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲက ယူကရိန်း၏ငြိမ်းချမ်းရေးအစီအစဉ်များကို ကူညီထောက်ပံ့ပေးရန် ကြားနေနိုင်ငံများကို စည်းရုံးခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ရုရှားက ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး မြေပြင်ရလဒ်များအပေါ် အခြေခံပြီးသာ ဆွေးနွေးရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ကောင်းထက်ငွေ
1lurer.am/en
ပူတင်သမ္မတအဖြစ်ရှိနေလျှင် ရုရှားနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် မဖြစ်နိုင်သေးဟု ယူကရိန်းသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်