ပုသိမ်-ရန်ကုန်ကားလမ်းဘေးမှ နေအိမ်နှင့်ဆိုင်ခန်း ၂၀၀ ကျော် ရုတ်တရက်ဖယ်ရှားခိုင်း

ကန်ကြီးထောင့်၊ သြဂုတ် ၂၃

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမအနီးမှ နေအိမ်နှင့် ဆိုင်ခန်းအဆောက်အဦး ၂၀၀ ကျော်ကို ဖယ်ရှားခိုင်းနေသဖြင့် ဒေသခံများအခက်အခဲဖြစ်ပေါ် နေကြောင်း ဒေသခံများထံမှ သိရသည်။

လမ်းနယ်နမိတ်နှင့်မလွတ်သည့်အတွက် ကားလမ်းမအနီးမှ လမ်းနယ်နမိတ်ပေ ၅၀ အကွာရှိ နေအိမ်နှင့် ဆိုင်ခန်းအဆောက်အဦး ၂၀၀ ကျော်ကို သြဂုတ် ၂၅ ရက်နောက်ဆုံးထားပြီး ဖျက်သိမ်းပေးရန် မြို့နယ်ထွေအုပ်နှင့် လမ်းတံတားဦးစီးဌာနမှ ဒေသခံများထံ အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။

“ အခုရွှေ့ပြောင်းခိုင်းခံရတဲ့ နေအိမ်နဲ့ ဆိုင်ခန်းအားလုံးက လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်စုလောက်ကတည်းက နေထိုင်နေတာ။ ဒေသခံအယောက် ၂၀၀၀ ကျော်လောက်ရှိမယ်။ နေ့ချင်း ည ချင်း ရုတ်တရက် အိုးအိမ်မဲ့ဘဝရောက်ရှိသွားမယ့်အခြေအနေ ဖြစ်နေတာ။ ကြောက်လို့ဖျက်ပေးတဲ့သူတွေရှိတယ်။ မဖျက်ပေးသေးတဲ့သူတွေကများတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ နေအိမ်နှင့် အခြားအဆောက်အဦးများကို ဖျက်သိမ်းပြောင်းရွှေ့မပေးပါက လမ်းမကြီးများဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုပြောင်းရွှေ့ခိုင်းသည့် နေရာများတွင်နေထိုင်သည့် ပြည်သူများသည် လေထိုးကျွတ်ဖာလုပ်ငန်း၊ ဆိုင်ကယ်ကယ်ရီလုပ်ငန်း၊ ကားအငှားလုပ်ငန်း၊ စားသောက်ကုန် ရောင်းဝယ်ရေးလုပ်ငန်း စသည့်လုပ်ငန်းများကို လုပ်ကိုင်စားသောက်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း အိမ်မဲ-ပန်းတနော် ကားလမ်းဘေးမှ နေအိမ်နှင့် အဆောက်အဦးများကို ဖျက်သိမ်းရွှေ့ပြောင်းခိုင်းသဖြင့် လူနေအိမ်ထောင်ချီ ဖျက်ပေးခဲ့ရသ ဖြင့် လူဦးရေထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသေးကြောင်း သိရသည်။

ထို့အပြင် မြောင်းမြ ၊ ငပုတော ၊ လပွတ္တာလမ်းပေါ်မှ နေအိမ်များကိုလည်း လမ်းနယ်နမိတ်ဖြင့် မလွတ်သည့်အတွက် ပြီးခဲ့သည့်သြဂုတ်လ ပထမအပတ်က ရွှေ့ပြောင်းဖျက်သိမ်းခဲ့ သေးကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ပုသိမ်-ရန်ကုန်ကားလမ်းဘေးမှ နေအိမ်နှင့်ဆိုင်ခန်း ၂၀၀ ကျော် ရုတ်တရက်ဖယ်ရှားခိုင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.