ပုသိမ်မြို့တွင် သင်္ကြန်ရေကစားပစ္စည်းများ အဝယ်မရှိသလောက်နည်း

ပုသိမ်၊ ဧပြီလ ၁၁

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့တွင် ယခုနှစ်အတာသင်္ကြန်ကာလ နီးကပ်လာသော် သင်္ကြန်ရေကစားပစ္စည်းများ ဝယ်ယူမှုမရှိသလောက် နည်းပါးနေကြောင်း ယင်းပစ္စည်းအရောင်းဆိုင် များထံမှ သိရသည်။

ပုသိမ်မြို့တွင် သင်္ကြန်ကာလအတွင်း ကလေးများဆော့ကစားသည့် ရေသေနတ်အပါအဝင် ရေခွက်၊ ပန်းကုံး၊ ရေပြွတ်၊‌ ခေါင်းစွပ်၊ အရုပ်‌ပြောင်နှင့် ဆံပင်တုအမျိုးမျိုး စသည်တို့မှာ ဝယ်သူမရှိသလောက် နည်းပါးနေကြောင်း ပုသိမ်မြို့ရှိ သင်္ကြန်ရေကစားပစ္စည်းအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

“အရင်ကဆို အခုလိုအချိန် ရောင်းအားကောင်းလွန်းလို့ ထမင်းတောင်စားလို့ မအားဘူး။ အခုကတော့ တော်တော်နည်းတာပေါ့။” ဟု ၎င်းကဆက်ပြောသည်။

ယခုနှစ်တွင် သင်္ကြန်ပစ္စည်းအသစ်ဝယ်ယူထားခြင်းမရှိဘဲ ပြီးခဲ့သည့်နှစ်နှစ်အတွင်းက ဝယ်ယူထားသည့် ပစ္စည်းများကို ရောင်းချနေခြင်းဖြစ်ပြီး သို့သော် ယင်းပစ္စည်းများကိုပင်ရောင်းထုတ်နိုင်ခြင်းမရှိသဖြင့် ရန်ကုန်ကဖောက်သည်အဖြစ် မှာယူနေကျဖြစ်သည့်ဆိုင်ထံသို့ ပြန်သွင်းနေရကြောင်း ပုသိမ်မြို့ရှိ သင်္ကြန်ရေကစားပစ္စည်း ဖြန့်ချီရောင်းချသူများက ဆိုသည်။

“အရင်ကတော့ ရောင်းရတာပေါ့နော်။ ဒီနှစ်က လာကိုမမေးကြတော့တာ အဲဒီအတွက် တင်မရောင်းဖြစ်တော့ဘူး။ နိုင်ငံရေးအကျပ်အတည်းတွေမဖြစ်ခင်က သင်္ကြန်နားနီးရင်ကျေးလက်ကဈေးဆိုင်တွေမှာ သင်္ကြန်ပစ္စည်းဝယ်ယူသူတွေနဲ့ စည်ကားတာကိုတွေ့ရတယ်။ ဒီနှစ်တော့ အတာအိုးတစ်မျိုးသာ ရောင်းချခြင်းမျိုးတွေ့ရတယ်။” ဟု ပုသိမ်မြို့ရှိ နောက်ထပ် သင်္ကြန်ရေကစားပစ္စည်းရောင်းရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကိုဗစ်- ၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးအကျပ်အတည်းဂယက်တို့ကြောင့် ပုသိမ်မြို့၌ ယခင်နှစ်များက အကျဉ်းရုံးကျင်းပခဲ့ရသည့် မြန်မာရိုးရာအတာသင်္ကြန်ကို ယခုနှစ်တွင်အစည်ကားဆုံး ပြင်ဆင်ကျင်းပမည်ဟု သက်ဆိုင်ရာကကြေညာထားသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ပုသိမ်မြို့တွင် သင်္ကြန်ရေကစားပစ္စည်းများ အဝယ်မရှိသလောက်နည်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.