ပုသိမ်ထီးရောင်းအားကျဆင်းခြင်းကြောင့် လုပ်ငန်းရှင်များ အခက်ကြုံနေ

ပုသိမ် ၊ ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှထုတ်လုပ်သည့် မြန်မာ့လက်မှုထုတ်ကုန် ပုသိမ်ထီးများ ဝယ်ယူသူမရှိသည့်အခြေအနေ ဖြစ်လာခြင်းကြောင့် ဈေးကွက်ပျက်လုနီးပါးဖြစ်နေပြီး ပုသိမ်ထီး လုပ်ငန်းရှင်များ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

ပုသိမ်ထီးများကို နိုင်ငံရေးအပြောင်းအလဲများ မဖြစ်ခင်အချိန်က ပြည်တွင်းဈေးကွက်ဖြစ်သော မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပုဂံ၊ ညောင်ဦးနှင့် ပြည်ပဈေးကွက်က အဝယ်ကုန်ရှိခဲ့ပြီး၊ လက်ရှိအချိန်တွင် ပုသိမ်ထီးဈေးကွက် ပျက်လုနီးပါးအခြေအနေအထိ ဖြစ်ပေါ်နေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

” အရင်က ဝယ်လက်တွေအရမ်းများတယ်။ တင်ပို့ရတာတွေ လက်ကိုမလည်ဖြစ်ခဲ့တာ။ အခုငုတ်တုတ်ကိုမေ့နေတယ်။ နိုင်ငံရေးမကောင်းကတည်းက အလုပ်က အဆင်မပြေဖြစ်လာတာ ဒီနေ့အထိပဲ ဆိုပါတော့။” ဟု အဆိုပါလုပ်ငန်းရှင်က ဆိုသည်။

ပုသိမ်ထီးကို ယခင်က အမျိုးသမီးများက ဖက်ရှင်တစ်ခုအဖြစ်အသုံးများခဲ့ကြပြီး၊ ယခုနောက်ပိုင်းတွင် ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် မြန်မာ့ရိုးရာ အသုံးအဆောင်တစ်ခုအ ဖြစ် အလှဆင်ချိတ်ဆွဲလာကြသည်။ ထို့အပြင် နိုင်ငံရပ်ခြား ခရီးသွားများကလည်း မြန်မာ့လက်မှုရိုးရာပစ္စည်းအဖြစ် အမှတ်တရဝယ်ယူကြကြောင်း သိရသည်။

“ ပုသိမ်ထီးက အလှအပကို ဦးစားပေးပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာ လက်မှုထုတ်ကုန်ပစ္စည်းတခုပါ။ ပုသိမ်ထီးကို အမျိုးသမီးအများစုတော့ အလှူမင်္ဂလာ၊ ပွဲလမ်းသဘင်များမှာ ဖက်ရှင်တခုအနေနဲ့ အသုံးပြုဖို့ဝယ်ယူတာပါ။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကုမ္မဏီတွေမှာ အလှဆင်ပစ္စည်းတွေအဖြစ်ထားရှိဖို့ ဝယ်တာလည်းရှိခဲ့တယ်။ နိုင်ငံခြားခရီးသွားဧည့်သည်တွေကလည်း မြန်မာပြည်ပြန်လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိခဲ့တယ်။ အခုတော့ ပုသိမ်ထီးက အရင်လိုဝယ်လက်တွေ မရှိဘူးဖြစ်နေတယ်။ အရင်က တရက်တာရောင်းအား ၁၀ သိန်းအနည်းဆုံးရှိတယ်။အခု တစ်ပတ်တာရောင်းအား တစ်သိန်းတောင်မနည်းဖြစ်နေတာ။” ဟု ၎င်းက ဆက်ပြောသည်။

ပုသိမ်ထီးလုပ်ငန်းရပ်တည်ရန် ထိခိုက်လာသည့်အတွက် ပုသိမ်ထီးလုပ်ငန်းတွင် အဓိကကျသည့် ပုသိမ်ထီးယက်လုပ်သော ပညာရှင်များ၊ ထီးအကြမ်းထည်လုပ်သားများ၊ ပန်းချီပညာရှင်များ၊ ထီးလုပ်ရန်အတွက် လိုအပ်သည့်ဝါးများကို စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ ပုသိမ်ထီးတစ်နိုင်တစ်ပိုင်ယူရောင်းသည့် လုပ်ငန်းရှင်များ အခက်အခက်များဖြစ်ပေါ်နေကြကြောင်း ပုသိမ်ထီးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

” ပုသိမ်ဒေသထွက် ပုသိမ်ထီးပြုလုပ်ကိုပြုလုပ်ရာမှာ သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စ စတဲ့ ပြည်တွင်းဒေသထွက်ပစ္စည်းတွေ အဓိကအသုံးပြုပြီးလုပ်တာ။ မြန်မာ့အနုပညာကို ဖော်ထုတ်ထားတဲ့ ဆေးဆိုးခြင်း၊ ပန်းချီရေးဆွဲ စသည်တို့နဲ့အလှဆင်ထားပြီး ထီးတစ်ချောင်းလုံးကို လက်နဲ့ပဲပြုလုပ်တာပါ။ အခုတော့ ဝယ်ယူတဲ့သူ မရှိသလောက်ကိုဖြစ်နေလို့ ငုတ်တုတ်မေ့တယ်။” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

အဆိုပါ ပုသိမ်ထီး ၄ လက်မအရွယ်အစားမှ ၁၀ လက်မအရွယ်အစားအထိ တစ်ချောင်းဈေးနှုန်းသည် ငွေကျပ် ၃၀၀၀ မှ တစ်သိန်းကျော်အထိ အရွယ်အစားအလိုက် ဈေးနှုန်းကွာ ခြားမှုရှိပြီး၊ ပုသိမ်ထီးကို ရဟန်းဆောင်းထီး၊ သီလရှင်ဆောင်းထီး၊ အလှဆောင်းထီး၊ မိုးရေခံထီး၊ အိမ်တော်ရာထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ ဟိုတယ်အလှဆင်ထီး၊ ကမ်းခြေသုံးထီးစသည့် ပုံစံအမျိုးမျိုးပြုလုပ်ကာ ယခင်ကရောင်းချခဲ့ကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ပုသိမ်ထီးရောင်းအားကျဆင်းခြင်းကြောင့် လုပ်ငန်းရှင်များ အခက်ကြုံနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.