ပုသိမ်ထီးရောင်းအားကျဆင်းလာမှုကြောင့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေ

ပုသိမ် ၊ ဧပြီ ၂၉

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ထုတ်လုပ်ထွက်ရှိသော မြန်မာ့လက်မှုထုတ်ကုန် ပုသိမ်ထီးများ ရောင်းအားကျဆင်းနေမှုကြောင့် ဈေးကွက်ပျက်လုနီးပါးဖြစ်နေပြီး ပုသိမ်ထီးလုပ်ငန်းရှင်များ အခက်အခဲများဖြစ်ပေါ်နေကြောင်း ထီးလုပ်ငန်းရှင်များထံမှ သိရသည်။

ပုသိမ်ထီးများကို ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများ မဖြစ်ခင်အချိန်က ပြည်တွင်းဈေးကွက်ဖြစ်သော မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပုဂံ၊ ညောင်ဦးနှင့် ပြည်ပဈေး ကွက်များက အဝယ်ရှိခဲ့ကြောင်း၊ လက်ရှိတွင် ပုသိမ်ထီးအဝယ်ပါးလာပြီး ရောင်းအားအဆမတန်ကျဆင်းနေမှုကြောင့် မြန်မာ့လက်မှုထုတ်ကုန်ဖြစ်သော ပုသိမ်ထီးဈေးကွက် ပျက်လုနီးပါးအခြေအနေအထိဖြစ်ပေါ်နေကြောင်း ပုသိမ်ထီးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

“ အရင်က ဝယ်လက်တွေအရမ်းများတယ်။ တင်ပို့ရတာတွေ လက်ကိုမလည်ဖြစ်ခဲ့တယ်။ အခုငုတ်တုတ်ကိုမေ့နေတယ်။ နိုင်ငံရေးမကောင်းကတည်းက အလုပ်ကအဆင်မပြေဖြစ်လာတာ ဒီနေ့အထိပဲဆိုပါတော့။ ပုသိမ်ထီးက အလှအပကို ဦးစားပေးပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်ပစ္စည်းတစ်ခုပါ။ အခုတော့ ပုသိမ်ထီးက အရင်လိုဝယ်လက်တွေမရှိဘူးဖြစ်နေတယ်။ အရင်က တစ်ရက်တာရောင်းအား ၁၀ သိန်းအနည်းဆုံးရှိတယ်။ အခု တစ်ပတ်တာရောင်းအား တစ်သိန်းတောင်မနည်းဖြစ်နေတာ။” ဟု အထက်ပါလုပ်ငန်းရှင်က ဆက်ပြောသည်။

ပုသိမ်ထီးလုပ်ငန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့်အတွက် ပုသိမ်ထီးလုပ်ငန်းတွင် အဓိကကျသည့် ပုသိမ်ထီးယက်လုပ်သည့် ပညာရှင်များ၊ ထီးအကြမ်းထည်လုပ်သားများ၊ ပန်းချီပညာရှင်များ၊ ထီးလုပ်ဖို့အတွက် လိုအပ်သည့်ဝါးများကို စိုက်ပျိုးထုတ်လုပ်သော လုပ်ငန်းရှင်များ၊ ပုသိမ်ထီးတစ်နိုင်တစ်ပိုင်ယူရောင်းသောဖောက်သည်များ အခက် အခက်များဖြစ်ပေါ်နေကြောင်း သိရသည်။

“ ပုသိမ်ထီးက အရင် ၂၀၂၀ လောက်က အရောင်းအဝယ်အရမ်းကောင်းခဲ့တာ။ အဲ့ဒီအချိန်က ကမ်းခြေလာတဲ့သူမှန်သမျှ ပုသိမ်ထီးကို မဖြစ်မနေဝယ်သွားကြတာ။ အခုတော့ ကမ်း ခြေလာတဲ့သူလည်း အရင်လိုမရှိဘူး။ လာတဲ့သူကလည်း ပုသိမ်ထီးမဝယ်ကြတော့ဘူး။ ပြည်ပဧည့်သည်ကလည်း လက်ချိုးရေလို့ရတယ်။ ပုသိမ်ထီးလေးယူရောင်းတာ ငုတ်တုတ်မေ့နေတယ်။ အရင်က ပုသိမ်ထီးရောင်းလို့ တစ်နေ့ကိုယ့်အတွက် နှစ်သောင်းလောက်ကျန်တယ်၊ အဆင်ပြေခဲ့တယ်။” ဟု ငွေဆောင်ကမ်းခြေ၌ ပုသိမ်ထီးရောင်းသူတစ်ဦးက ပြော သည်။

ပုသိမ်ဒေသထွက် ပုသိမ်ထီးပြုလုပ်ရာတွင် သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စ စသည့် ပြည်တွင်းဒေသထွက်ပစ္စည်းများကို အဓိကအသုံးပြုပြီး မြန်မာ့အနုပညာကို ဖော်ထုတ်ထားသည့် ဆေးဆိုးခြင်း၊ ပန်းချီရေးဆွဲခြင်းစသည်ဖြင့် အလှဆင်ထားပြီး ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာပြုလုပ်ရခြင်းဖြစ်ကြောင်း ပုသိမ်ထီးထုတ်လုပ်သူတစ်ဦးက ပြောသည်။

“ ပုသိမ်ထီးကို အမျိုးသမီးအများစုက အလှူမင်္ဂလာ၊ ပွဲလမ်းသဘင်များမှာ ဖက်ရှင်တခုအနေနဲ့အသုံးပြုဖို့ ဝယ်ယူတာပါ။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကုမ္မဏီတွေမှာ အလှဆင်ပစ္စည်းတွေအဖြစ်ထားရှိဖို့ ဝယ်တာလည်းရှိခဲ့တယ်။ နိုင်ငံခြားခရီးသွားဧည့်သည်တွေကလည်း မြန်မာပြည်ပြန်လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိခဲ့တယ်။ အခုတော့ အဲ့လိုဝယ်လက် တွေမရှိတော့ဘူး။ ရေရှည်မှာ ဝယ်လက်မရှိဖြစ်လာရင် ဈေးကွက်ပျက်တဲ့အထိဖြစ်လာပြီး တကယ်လို့ဈေးကွက်ပျက်သွားရင်တော့ မြန်မာ့လက်မှုထုတ်ကုန်ပစ္စည်း ထုတ်လုပ်တဲ့သူတစ်ဦးအနေနဲ့ အတော့်ကို ရင်ထဲမကောင်းဘူး။” ဟု ၎င်းကဆက်ပြောသည်။

ပုသိမ်ထီး ၄ လက်မအရွယ်အစားမှ ၁၀ လက်မအရွယ်အစားအထိ တစ်ချောင်းဈေးနှုန်းမှာ ငွေကျပ် ၃၀၀၀ မှ တစ်သိန်းကျော်အထိ အရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိပြီး ပုသိမ်ထီးကို ရဟန်းဆောင်းထီး၊ သီလရှင်ဆောင်းထီး၊ အလှဆောင်းထီး၊ မိုးရေခံထီး၊ အိမ်တော်ရာထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ ဟိုတယ်အလှဆင်ထီး၊ ကမ်းခြေသုံးထီး စသည့်ပုံစံအမျိုးမျိုး ပြုလုပ်ရောင်းချကြကြောင်း သိရသည်။   

ခန့်ခန့်

ဓာတ်ပုံ – မျိုးထွန်း

ပုသိမ်ထီးရောင်းအားကျဆင်းလာမှုကြောင့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.