ရန်ကုန်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် ယခုရက်ပိုင်း၌ မြေပြိုကျမှု ထပ်မံဖြစ်ပွား၍ ယာဉ်များသွားလာရ ခက်ခဲနေသည်ဟု ဒေသခံများထံမှ သိရ သည်။
စက်တင်ဘာ ၄ ရက်က မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ ပုလဲ-ဂန့်ဂေါ အဝေးပြေးလမ်းမကြီး၏ မိုင်တိုင် ၅၁ တွင် မြေသားပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကာ ယနေ့အထိ ယာဉ်များသွားလာ ရ ခက်ခဲနေကြောင်း သိရသည်။
“ ဩဂုတ် ၂၂ ရက်နေ့က အဲ့ဒီနေရာမှာ ပထမအကြိမ် မြေသားပြိုကျမှုဖြစ်ခဲ့လို့ ယာယီပြုပြင်ထားပြီး ကားတွေသွားလာနေတုန်း စက်တင်ဘာ ၄ ရက်နေ့က ဒုတိယအကြိမ် ပေရာချီ ထပ်မံပြိုကျမှုဖြစ်တာပါ။ ဒီလမ်းက မြေသားလမ်းဖြစ်ပြီး မိုးများတော့ မိုးဒဏ်ကိုမခံနိုင်ဘဲ ဘေးကိုမြေတွေပြိုကျကုန်တာ။ ပြုပြင်နေတယ်ဆိုပေမဲ့ အခက်အခဲတွေ အများကြီးရှိ နေတာပါ” ဟု ပုလဲဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်းမှာ စစ်ကိုင်းတိုင်းအောက်ပိုင်းရှိ မြို့နယ်များနှင့် စစ်ကိုင်တိုင်းအထက်ပိုင်းရှိ တမူး၊ ကလေး စသည့်မြို့နယ်များ၊ ချင်းပြည်နယ်ရှိ ဟားခါးမြို့နယ်တို့ကို ဆက်သွယ် ထားသည့် ကားလမ်းဖြစ်ကြောင်းသိရပြီး ဒေသတွင်းသွားလာရာ၌ အရေးပါသည့် လမ်းပိုင်းဖြစ်ကြောင်း သိရသည်။
ထိုလမ်းပိုင်းတွင် နစကတပ်များသာမက ဒေသတွင်း လက်နက်ကိုင်အဖွဲ့များလည်း စစ်ရေးအရ သွားလာလျက်ရှိကာ တိုက်ပွဲများလည်း ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
တိုက်ပွဲများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သက်ဆိုင်ရာအဖွဲ့များက အချိန်မီ လာရောက်ပြုပြင်နိုင်ခြင်း မရှိသေး၍ ဒေသခံများ ယာယီသွားလာရ အဆင်ပြေ စေရန် လမ်းပြုပြင်လျက်ရှိသော်လည်း ငွေကြေးနှင့် နည်းပညာအကူအညီများကြောင့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု သိရသည်။
ဩဂုတ်လနှင့် ယခုလအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ဒေသအချို့ တွင် လမ်းပိုင်းပြိုကျမှု များဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာမှ အချိန်မီလာရောက် ပြုပြင်နိုင်မှုမရှိ၍ သွားလာရခက်ခဲမှုနေကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လဆန်းပိုင်းက ချင်းပြည်နယ်ရှိ ဟားခါး-မတူပီ လမ်းပိုင်းနှင့် လုံလှော်- ဇကမ်း လမ်းပိုင်းတွင် မြေပြိုကျမှုဖြစ်ပွား၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု ဖြစ်ပွားခဲ့ သကဲ့သို့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့နှင့် ခန္တီးမြို့အကြားရှိ လမ်းပိုင်းတစ်နေရာတွင်လည်း မြေပြိုကျမှုဖြစ်ပွားခဲ့၍ လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။
မောင်ဇော်
ဓာတ်ပုံ – ပုလဲ ဒေသတွင်း ကူညီရေးအဖွဲ့
ပုံစာ – မြေပြိုကျ၍ ပျက်စီးသွားသော ပုလဲ- ဂန့်ဂေါ လမ်းပိုင်းအား တွေ့ရစဉ်။
ပုလဲ- ဂန့်ဂေါလမ်းပိုင်း မြေပြိုကျမှု ထပ်မံဖြစ်ပွား၍ ယာဉ်များသွားလာရ ခက်ခဲနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်