ရန်ကုန်၊ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ဒေသခံ တစ်သောင်းခွဲခန့် နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးနေသူများ က ပြောသည်။
အောက်တိုဘာ ၅ ရက်မှစ၍ ပုလဲမြို့နယ်အတွင်းရှိ အင်မထီးနှင့် ဇီးဖြူကုန်းကျေးရွာတို့နှင့် ပုလဲ-ဂန့်ဂေါလမ်းအတိုင်း မင်းတိုင်ပင်ရွာတို့သို့ လာရောက်သော စစ်ကြောင်းများနှင့် PDF အဖွဲ့တို့အကြား အပြန်အလှန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့၍ ဒေသခံသောင်းချီ စစ်ဘေးတိမ်းရှောင်ရခြင်းဟု သိရသည်။
“ ဒေသခံ ကာကွယ်ရေးတပ်တွေက မိုင်းဖောက်ခွဲတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာတွေလုပ်တယ်။ နစက စစ်ကြောင်းဘက်ကလည်း လမ်းတလျှောက်မှာ လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်တာ တွေလုပ်တော့ လမ်းဘေးဝဲယာမှာရှိတဲ့ ဒေသခံတွေ ထွက်ပြေးကြရတာ။” ဟု ဒေသတွင်းစစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက ပြောသည်။
ထိုသို့ အပြန်အလှန် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ယနေ့အထိ ပုလဲမြို့နယ်ရှိ မင်းတိုင်ပင်၊ နှောကန်၊ လက်ပုကန်၊ ကုက္ကိုလ်ကုန်း၊ ဇေတီယျုံစသည့် ကျေးရွာများအပါအဝင် ကျေးရွာ ဆယ်ရွာခန့်မှ ဒေသခံတစ်သောင်းခွဲခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ရှောင်အများစုမှာ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိသကဲ့သို့ တောစပ်များနှင့် လယ်ကွင်း၊ ယာကွင်း စသည့်ကွင်းပြင်များ၌ တဲများထိုး၍ ယာယီနေထိုင် လျက်ရှိနေကြောင်း သိရသည်။
အချို့ကျေးရွာများရှိ စစ်ရှောင်များမှာ တိုက်ပွဲအခြေအနေ ငြိမ်သက်သွား၍ နေအိမ်များသို့ ပြန်သွားခဲ့ကြသော်လည်း စစ်ရှောင်အများစုမှာမူ ယနေ့အထိ နေရပ်မပြန်နိုင်သေး ကြောင်း သိရသည်။
အလားတူ ယခုရက်ပိုင်းအတွင်း၌ စစ်ကြောင်းဝင်ရောက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံ တစ်သောင်းခန့်၊ ဝက် လက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ ငါးထောင်ခန့်မှာ နေရပ်စွန့်ခွာ၍ စစ်ရှောင်နေရကာ ယနေ့အထိ နေရပ်များသို့ မပြန်နိုင်ကြသေးကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင်များ အား အကူအညီပေးနေသူများက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် နစကတပ်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့ (PDF)များအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ဆက်တိုက်နီးပါး ဖြစ်ပေါ်လျက်ရှိကာ ယခုရက်ပိုင်း၌ ဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရန်ဆိုကာ လိုအပ်သည့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိနေ ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီး စပ်သည့်အသိုင်းအဝိုင်းမှ ပြောဆိုလျက်ရှိသည်။
မောင်ဇော်
ဓါတ်ပုံ – ဒေသတွင်း စစ်ရှောင်ကူညီသူများ
ပုံစာ- ပုလဲမြို့နယ်ရှိ ဒေသခံများ ယခုရက်ပိုင်း၌ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြစဉ်။
ပုလဲ၌ ရက်ပိုင်းအတွင်း ဒေသခံတစ်သောင်းခွဲ စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်