ပုလဲ၌ ရက်ပိုင်းအတွင်း ဒေသခံ ကိုးထောင်ဝန်းကျင် စစ်ရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ဒေသခံ ကိုးထောင်ဝန်းကျင်ခန့်မှာ နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးနေ သူများက ပြောသည်။

စက်တင်ဘာ ၁၄ ရက်မှစ၍ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းဝင်ရောက်မှုကြောင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ကိုးထောင်ဝန်းကျင်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ရခြင်းဟု သိရသည်။

“ စစ်ကြောင်းဝင်တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာတွေရှိတော့ အနီးက ကျေးရွာတွေမှာ ဘယ်သူမှမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်ကြရတာ” ဟု ဒေသတွင်းစစ် ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။

စစ်ကြောင်းဝင်ရောက်မှုကြောင့် ပုလဲမြို့နယ်အတွင်းရှိ စပါးစေ့၊ နှောကန်၊ မင်းတိုင်ပင် စသည့်ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံကိုးထောင်ဝန်းကျင်မှာ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

စစ်ရှောင်အများစုမှာ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိသကဲ့သို့ တောစပ်များနှင့် လယ်ကွင်း၊ ယာကွင်း စသည့်ကွင်းပြင်များ၌ တဲများထိုး၍ ယာယီနေ ထိုင်လျက်ရှိနေကြောင်း သိရသည်။

အလားတူ ယခုရက်ပိုင်းအတွင်း၌ စစ်ကြောင်းဝင်ရောက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံတစ်သောင်းခန့်၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၉ ရွာမှ ဒေသခံတစ်သောင်းခွဲခန့်မှာ နေရပ်စွန့်ခွာ၍ စစ်ရှောင်နေရကာ ယနေ့အထိ နေရပ်များသို့ မပြန်နိုင်သေးကြောင်း ဒေသတွင်းရှိ စစ်ဘေးရှောင်များအား အကူအညီပေးနေသူများ က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် နစကတပ်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ (PDF)များအကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ဆက်တိုက်နီးပါး ဖြစ်ပေါ်လျက်ရှိကာ ယခုရက်ပိုင်း၌ ဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရန်ဆိုကာ လိုအပ်သည့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိနေ ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ တယ်လီဂရန်ချန်နယ်များတွင် သတင်းရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

မောင်ဇော်

ဓာတ်ပုံ – ဒေသတွင်း စစ်ရှောင်ကူညီသူများ

ပုံစာ- ပုလဲမြို့နယ်ရှိ ဒေသခံများ ယခုရက်ပိုင်း၌ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြစဉ်။

ပုလဲ၌ ရက်ပိုင်းအတွင်း ဒေသခံ ကိုးထောင်ဝန်းကျင် စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.