ရန်ကုန်၊ မတ် ၄
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံသောင်းချီ၍ ဆက်လက်စစ်ရှောင်နေရကြောင်း ဒေသတွင်းရှိ စစ်ရှောင်ကူညီသူများထံမှ သိရသည်။
ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့်လမှစ၍ စစ်ကြောင်းများဖြတ်သန်းသွားလာကာ ပစ်ခတ်မှုများ မကြာခဏဖြစ်နေ၍ ကျေးရွာဆယ်ရွာထက်မနည်းမှ ဒေသခံသောင်းချီမှာ ယနေ့အထိ စစ်ရှောင်နေရကြောင်း သိရသည်။
“ ဖေဖော်ဝါရီ ၁၈ ရက်နေ့တည်းက ဒီနေ့အထိ ပုလဲနယ်တစ်ခုလုံးနီးပါးမှာ စစ်ကြောင်းထိုးတာ၊ ရွာတွေထဲကို ဝင်လာတာတွေကြောင့် ဘယ်သူမှအိမ်မှာမနေရဲဘဲ ထွက်ပြေးနေရတာ။ ဒီနေ့အထိဆို စစ်ရှောင်ရတာ ၁၅ ရက်လောက်ကြာလာတော့ စားနပ်ရိက္ခာလိုအပ်ချက်တွေ များလာတယ်။ ကျွန်တော်တို့အဖွဲ့တွေလည်း နိုင်သလောက်တော့ လှူဒါန်းနေပါတယ်။” ဟု ဒေသတွင်းစစ်ရှောင်ကူညီသူတစ်ဦးက ပြောကြားသည်။
စစ်ကြောင်းများသွားလာနေမှုကြောင့် ပုလဲမြို့နယ်ရှိ အိုင်းမ၊ ငှက်ပျောတော၊ မင်းတိုင်ပင်၊ မြေနီကုန်း၊ ထန်းတောတိုက်၊ သရက်၊ အောင်ချမ်းသာ၊ သာစည် စသည့်ကျေးရွာများအပါ အဝင် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံသောင်းချီမှာ နီးစပ်ရာမြို့များနှင့် ကျေးရွာများ၌ စစ်ရှောင်လျက်ရှိကာ အချို့မှာ တောတွင်း၌ ယာယီတဲထိုးလျက် နေထိုင်နေရကြောင်း သိရသည်။
ထို့ပြင် ရက်ပိုင်းအတွင်း ကျေးရွာအချို့ မီးရှို့ခံရပြီး၊ ရွာသားအချို့လည်း ဖမ်းဆီးခံရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း၌ လှုပ်ရှားနေသည့် စစ်ကြောင်းများက ပြီးခဲ့သည့်လမှစ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းလုပ်ဆောင်နေကာ ယခုရက်ပိုင်းတွင် ဒေသတွင်းလက် နက်ကိုင်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
အလားတူ ယခုရက်ပိုင်းအတွင်း စစ်ကိုင်တိုင်းရှိ ကောလင်း၊ ကန့်ဘလူနှင့် ရေဦးမြို့နယ်တို့၌လည်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်နေ၍ ဒေသခံသုံးသောင်းထက်မနည်း ထွက် ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ယနေ့ခေတ်
ပုလဲတွင် ဒေသခံသောင်းချီ၍ ဆက်လက်စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်