ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ မြို့မစျေး ယနေ့ နေ့လည်ပိုင်းက ပေါက်ကွဲမှုဖြစ်၍ ပြင်းထန်စွာ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြား သည်။
ယနေ့ နေ့လည် ၂ နာရီခွဲဝန်းကျင်က ပုဏ္ဏားကျွန်းမြို့ရှိ မြို့မစျေးတွင် ပေါက်ကွဲ မှုဖြစ်ပေါ်ခဲ့ပြီးနောက် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ ညနေ ၄ နာရီခန့်တွင် ဆိုင်ခန်းများ အားလုံးနီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ တစျေးလုံးတော့ ပြာကျသွားတယ်။ နေ့လည် ၂ နာရီခွဲလောက်က စလောင်တာ။ တိုက်ပွဲကြောင့် ဟိုရက်ထဲက စျေးကပိတ်ထားတာ။ လက်နက်ကြီးထိလို့ မီးလောင်တယ်လို့ သိရ တယ်။ ဘယ်သူပစ်တာလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။” ဟု မီးလောင်ပြင်တွင်ရောက်ရှိနေသည့် ဒေသခံအမျိုးသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယနေ့ ညနေပိုင်းအထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ စျေးအနီးရှိ နေအိမ်အချို့သို့ပါ မီးကူးစက်လောင်ကျွမ်းလျက်ရှိနေကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။
စျေးမီးလောင်မှုနှင့် ပတ်သတ်၍ ပုဏ္ဏားကျွန်းအနီး ရေပြင်တွင်ဆိုက်ကပ်ထားသည့် စစ်သင်္ဘောတစ်စီးမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ စျေးအားထိမှန်ကာ မီးလောင်ခြင်းဟု ပြည်ပအခြေစိုက် သတင်းဌာနအချို့မှ သတင်းရေးသားထားသည်။
ထိုဖြစ်စဉ်အပေါ် ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့က ဒရုန်းဗုံးဖြင့်ပစ်ချ၍တိုက်ခိုက်စဉ် စျေးအပေါ်သို့ ဗုံးပြုတ်ကျ၍ ပေါက်ကွဲရာမှ မီးလောင်ခြင်းဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများ က တယ်လီဂရန်တွင် ရေးသားထားသည်။
မည်သည့်အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြောင့် စျေးမီးလောင်ခဲ့သည်ကို လတ်တလောတွင် ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။
ယမန်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်အနီးရှိ ဆဲဗင်းဟွာကျင့်ကားဝန်းအတွင်း ဒရုန်းဗုံးတစ်လုံး ကျရောက်ပေါက် ကွဲခဲ့၍ ကားဝင်းအတွင်း ကုန်စည်များတင်ဆောင်ကာ ရပ်တန့်ထားသည့် ကုန်ကားအစီးရေ ၁၂၀ ခန့် မီးလောင်၍ ကျပ်သိန်းပေါင်းသောင်းချီ၍ ဆုံးရှုံးခဲ့ကြောင်း ကုန်သည်များက ပြောသည်။
ဓာတ်ပုံ – စီဂျေ
ပုဏ္ဏားကျွန်း မြို့မစျေး ပေါက်ကွဲမှုကြောင့် မီးလောင်၍ ဆိုင်ခန်းအားလုံးနီးပါး ဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်