ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်များ သောက်သုံးရေနှင့် အမိုးအကာများ လိုအပ်နေ

ရန်ကုန်၊ ဇွန် ၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ရှောင်များအတွက် သောက်သုံးရေနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူများက ပြောကြားသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းအထိ နေ့အပူချိန်မြင့်တက်ခဲ့မှုကြောင့် ရေရှားပါးမှုကို ကြုံတွေ့ရခြင်းဖြစ်ကာ မကြာမီ မိုးရာသီကို ရောက်ရှိတော့မည်ဖြစ်၍ အမိုးအကာများ လိုအပ်နေခြင်းဟု သိရသည်။

“ နေ့အပူချိန်က သုံးလလောက်မြင့်တက်ခဲ့တော့ ချောင်း၊ မြောင်းတွေကနေ ရေတွင်း၊ ရေကန်တွေအထိကို ရေမရှိတာ။ တချို့ရွာတွေမှာဆိုရင် သုံးရေမပြောနဲ့ သောက်ရေတောင် တစ်ရက်မှ ရေသန့်ဗူးနှစ်ဗူးလောက်ပဲရတာ။ တချို့ဆို ရေမချိုးရတာ ဘယ်လိုမှအဆင်မပြေတဲ့အဆုံး မြောင်းတွေ၊ ကျွဲစိမ်၊ နွားစိမ်ကန်တွေမှာ ရွံ့နွံတွေနဲ့ရေစိမ်နေရတယ်။ အခုရက် ပိုင်း မိုးနည်းနည်းရွာလိုက်ပေမဲ့ သောက်ရေတောင်မရတဲ့ရွာတွေ အများကြီးရှိသေးတယ်။” ဟု ဒေသတွင်းရှိ စစ်ရှောင်များအား ကူညီပေးနေသည့်အဖွဲ့မှတာဝန်ခံက ယနေ့ခေတ်သို့ ပြောကြားသည်။

လက်ရှိတွင် ရေကားတစ်စီးလျှင် ကျပ်တစ်သိန်းနှစ်သောင်းခန့်အထိ ကုန်ကျစရိတ်ရှိနေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် မကြာမီတွင် မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ အမိုးအကာလိုအပ်နေသူများစွာရှိနေကြောင်းလည်း သိရသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄၉ ရွာတွင်နေထိုင်သူ ဒေသခံသောင်းချီမှာ ရေအခက်အခဲအားကြုံတွေ့လျက်ရှိ၍ ကူညီပေးပါရန် ဒေသတွင်းစစ်ရှောင်ကူညီသူများက အကူအညီတောင်းခံထားသည်။

“ တစ်နိုင်တစ်ပိုင် လှူတဲ့သူတွေရှိလို့ ကျွန်တော်တို့လည်း ရေလိုက်လှူပေးနေတာ။ လက်လှမ်းမမှီတဲ့နေရာတွေ၊ သွားကူလို့မရတဲ့နေရာကသူတွေ အများကြီးလည်း ရေအခက်အခဲကြုံတွေ့နေရတယ်။” ဟု စစ်ရှောင်များအား ကူညီပေးနေသည့်အဖွဲ့၏တာဝန်ခံက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ပုဏ္ဏာကျွန်းမြို့အား AA လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားပြီး နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံ ငါးသောင်းကျော်ထက်မနည်း စစ်ဘေးရှောင်နေရကြောင်း သိရ သည်။

အလားတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း ပြီးခဲ့သည့်လများအတွင်းက နေ့အပူချိန်များ မြင့်တက်ခဲ့၍ ဒေသခံများနေထိုင်သည့် ကျေးရွာများနှင့် စစ်ရှောင်စခန်းများတွင် သောက်သုံးရေးအခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်း သိရသည်။တယ်

တယ်လီဂရမ် – https://t.me/yanaekhit/324

#မောင်ဇော်

ဓာတ်ပုံ- PYA

#ယနေ့ခေတ်

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်များ သောက်သုံးရေနှင့် အမိုးအကာများ လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.