ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး ကလေးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

စစ်တွေ၊ အောက်တိုဘာ ၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ဘူတာ၊ ဂဏန်းတောင်စစ်ဘေးရှောင်စခန်းအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာ ၈ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် စခန်းအနီး ဆော့ကစားနေစဉ် လာရောက်ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲခဲ့မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သည်ကျေးရွာမှ ဦးဇော်နိုင်၏သား အသက် ၁၀ နှစ်အရွယ် မောင်နေတိုးဟိန်း သေဆုံးခဲ့ပြီး၊ အသက် ၈ နှစ်အရွယ် မောင်မျိုးဇော် ဟိန်းနှင့် အသက် ၈ နှစ်အရွယ် မောင်မျိုးချစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံကူညီပေးသူတစ်ဦးက ပြောသည်။

” ကလေးသုံးယောက်က ကစားနေတာ။ ကစားနေတဲ့အချိန် မိုင်းက ထပေါက်တာ။ တစ်ယောက်က တခါတည်းဆုံးသွားတယ်။ ကလေးနှစ်ယောက်က လက်တွေ၊ ရင်အုံတွေ၊ မျက် နှာတွေ နေရာတော်တော်များများမှာ ဒဏ်ရာတွေရရှိခဲ့တယ်။ လက်ရှိ အပြင်းအထန်ဒဏ်ရာရရှိသွားတဲ့ ကလေးနှစ်ဦးကို ပုဏ္ဏားကျွန်းဆေးရုံကနေတဆင့် စစ်တွေဆေးရုံကို လွှဲ ပြောင်းထားရတယ်လို့ သိရတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်၊ စက်ရုံစုရပ်ကွက်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရုံးအနီး အောက်တိုဘာ ၅ ရက်၊ ညပိုင်းက သားအဖနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး သမီးဖြစ်သူမှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်ကလည်း စစ်တွေမြို့လယ်ခေါင်၌ အသက် ၄၀ ကျော်အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်ရှေ့၌ သေနတ်ဖြင့် ပတ်ခတ်ခံပြီး သေဆုံးသွားခဲသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး ကလေးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.