ရန်ကုန်၊ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့၌ စစ်ဘေးရှောင် ၁၅၀၀ ကျော်တွင် ယားနာရောဂါများနှင့် ဝမ်းရောဂါများဖြစ်ပေါ်နေပြီး ဆေးဝါများအရေးပေါ်လိုအပ်နေကြောင်း သိ ရသည်။
ပုဏ္ဏားကျွန်းမြို့တွင် စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်ရှိသည့်အနက် လူဦးရေ ၁၅၀၀ ကျော်မှာ ယားနာများနှင် ဝမ်းရောဂါဖြစ်ပေါ်နေခြင်းကြောင့် ဆေးဝါးများအရေပေါ်လိုအပ်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“ကျွန်တော်တို့ဆီမှာ စစ်ရှောင်က တစ်သောင်းကျော်လောက်ရှိတယ်။ ကျွန်တော်တို့နဲ့နီးစပ်တဲ့နေရာမှာဆို ၁၅၀၀ ကျော်လောက်က ယားနာဖြစ်နေတဲ့လူနာတွေနဲ့ တစ်ရာကျော်လောက်က ဝမ်းရောဂါခံစားနေရသူတွေလည်းရှိတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင်များသည် ကျန်းမားရေးစောင့်ရှောက်မှုများလိုအပ်နေပြီး၊ ဆေးဝါးများစျေးနှုန်းမြင့်တက်နေမှုကြောင့် အခက်အခဲများလည်းရှိနေကြောင်း သိရသည်။
“ကျွန်တော်ဘက်က စစ်ဘေးရှောင်တွေက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့နေရာတွေ အဓိကလိုတာပေါ့နော်။ ကျွန်တော်တို့ဆီမှာ ဆေးစျေးတွေက နေရာဒေသအလိုက်ကွာကြတယ်။ ရန်ကုန်မှာဆို ဆေးက ၅၀၀၊ ၇၀၀ ဆိုရင် ဒီမှာက ၇၀၀၀ လောက်ရှိတယ်။ ဆေးတွေကို ပုံမှန်စျေးနဲ့ရောင်းပေးနိုင်မယ့်နေရာတွေလည်း လိုအပ်တာပေါ့နော်။” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ရာသီအကူးအပြောင်းများကြောင့် စောင်နှင့် ခြင်ထောင်များလည်းလိုအပ်နေကြောင်း သိရသည်။
“ရခိုင်ဘက်မှာလည်း ဆောင်းဝင်လာပြီးဆိုတော့ စောင်တွေတော့လိုအပ်ပါတယ်။ စောင်က စစ်ရှောင်လူဦးရေများတော့ မလုံလောက်တာတွေဖြစ်တာ။ စောင်မဝယ်နိုင်တဲ့အခါကျတော့ အအေးဒဏ်မခံနိုင်တာရှိတယ်။ ပြီးရင် အအေးဒဏ်ကြောင့် ဖျားနာတွေရှိတယ်။ စစ်ရှောင်လာတာတော့ စစ်တွေဘက်ကပိုများတယ်။” ဟု စစ်ရှောင်များကိုကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရခိုင်ပြည်တွင် တကျော့တိုက်ပွဲများဖြစ်ပေါ်လာခြင်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီး၊ နေရာအချို့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသခံအချို့ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် တစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များပါအဝင် သေဆုံးသူ ၇၀၀ ကျော်ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၁၆၀၀ ရာနီးပါးရှိခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံတစ်ဦး
#ယနေ့ခေတ်
အထူးသတင်း
ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင် ၁၅၀၀ ကျော် ယားနာနှင့် ဝမ်းရောဂါများဖြစ်ပွားနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်